-->

Wednesday, July 8, 2009

ဒေါက်တာလှရွှေ
ရေးသူ- ဒဂုန်တာရာ

{၁}
ကြေးနီရောင်၊ သို့မဟုတ် နက်ပြာရောင်လုံချည်ကို ခြေသလုံးပေါ် ခပ်တိုတို ၀တ်၏။ အညာဖြစ် ပင်နီဖျင်ကြမ်း အပေါ်အင်္ကျီနှင့်။ သူ့ အလိုအလျောက် ကော့လန်၍နေသော ကတုံးဆံတောက်၏ အောက်နားဆီမှ ကျွဲကော်ကိုင်း မျက်မှန်သည် ပညာ၏ အမှတ်သဘွယ်ပင်။ ဟာသတခုကို ကျူးရင့်ပြီး ဟက်ဟက်ပက်ပက် အားပါးတရ ရယ်မော၏။ သူ့ ရယ်မောသံမှာ စမ်းရေယဉ်၏ စီးကျသံကဲ့သို့ ကာရန်ညီစွာ တေးဆံလှ၏။ ရယ်မော၍နေစဉ် သူ၏မျက်လုံးမှ အရေကြည်သည် တဖိတ်ဖိတ် တောက်ပ၍နေ၏.......
ဤသဏ္ဍန်သည် ကျွန်တော်၏ မှတ်ဥာဏ်တွင် စိမ်းစို၍ ကျန်ရစ်နေသော ကိုလှရွှေ၏ ရုပ်ပုံလွှာ ဖြစ်ပေသည်။


၁၉၃၇။
ကျောင်းမှ အိမ်သို့အပြန် ဖျာပုံသင်္ဘောပေါ်တွင် ဖြစ်၏။ တကျောင်းဆောင်တည်း နေသော သူငယ်ချင်းတဦးမှာ တွံတေးတွင် ဆင်းရမည်ဖြစ်ရာ၊ သူသည် ပဌမတန်းလက်မှတ်ခံကာ တွံတေးမရောက်ခင် အချိန်လည်း ဖြုန်းရင်းဆိုသလို အပျင်းပြေ ကစားရန် ပိုကာဝိုင်း လုပ်၍ထား၏။
ကျွန်တော်တို့ ကျောင်းသားတစုကား ကုန်းပတ်လက်မှတ်နှင့် ဖြစ်သော်လည်း သူ၏ဧည့်သည်များအဖြစ် ပဌမခန်းရှိ စားပွဲတွင် ၀ိုင်းကာ တသောသောနှင့် ရယ်မောကာ ပိုကာကစားလျက် ရှိကြသည်။ ကျောင်းသားတို့၏ အကျင့်အတိုင်း ကုလားထိုင် ဖရိုဖရဲနှင့်။ စား၍ လွှင့်ပစ်ထားကြသော မြေပဲခွံ၊ စက္ကူစုတ် စသည်တို့မှာလည်း ကြမ်းပြင်တွင် ပလူပျံကာ ရုန်းရင်းဆန်ခတ် ဖြစ်၍ နေကြသည်။
သင်္ဘော ရန်ကုန်ဆိပ်ကမ်းမှ ခွါကတည်းက ပိုကာဝိုင်းလည်း စတော့၏။ ကျွန်တော်တို့တတွေကား ပျက်လုံးတွေထုတ်ပြီး တသောသောရှိနေစဉ်၊ အသက် (၂၀)ခန့် အရပ်မြင့်မြင့်၊ တောင့်တောင့်တင်းတင်း၊ ခေတ်ဆံဆံ အမျိုးသမီးတဦးသည် ခါးထောက်ကာ အပါးတွင်ရပ်လျက်.....
'ရှင်တို့ ဒီနေရာက ဖယ်ပေးကြပါ၊ ကျမမှာ ပဌမခန်း လက်မှတ်ပါတယ်'
သူမ၏အသံမှာ မာနဖြင့် ပြွမ်းသဖြင့် တင်းမာလှ၏။ ဂုဏ်မောက်သော မျက်နှာဖြင့် ခက်ထန်သုန်မှုန်၏။ ကျွန်တော့်မှာ ကုန်းပတ်လက်မှတ်သာ ရှိသူဖြစ်၍ ဘာမျှမပြောနိုင်ဘဲ အန်း၍ နေသည်။ အခြားကျောင်းသားများ မှာလည်း ရုတ်တရက် ကြောင်၍နေကြ၏။
'ရှင်တို့ ဖယ်မပေးဘူးလား.... ကျမ ဒီမှာ စာရေးကို ခေါ်လာရတယ်။ စာရေးရှင့်၊ သူတို့ကို အခန်းထဲက ထွက်ခိုင်းပေးပါ'
သူမ ခေါ်လာသော သင်္ဘောစာရေးမှာလည်း အားနာ၍ ဘာမျှမပြောဘဲ ရပ်နေ၏။ ထိုအခိုက် ကိုလှရွှေသည် ဘယ်ကပေါ်လာသည်မသိ ရောက်လာကာ၊ ထိုမာနခဲ မိန်းမပျိုနှင့် အပြန်အလှန် စကားများ ကြတော့၏။
အမှန်အားဖြင့် ကိုလှရွှေသည် ကျွန်တော်တို့အတွက် မခံချင်သဖြင့် သက်သက် ၀င်ပြောခြင်း ဖြစ်၏။
ကိုလှရွှေနှင့် ကျွန်တော်မှာလည်း လူချင်းမသိကြသေးပေ။ ကျောင်းမှ အိမ်အပြန် ဖျာပုံသင်္ဘောပေါ်တွင် ရံဖန်ရံခါ တွေ့တတ်သဖြင့်၊ ဖျာပုံမှ သခင်စိတ်ပေါက်နေသော ကောလိပ်ကျောင်းသားတယောက်ဟူ၍ သာမန်အားဖြင့် မှတ်ထင်ထားခဲ့၏။ သည့်ထက်ပို၍ မသိခဲ့ပေ။ ကျွန်တော်တို့ကို သူက ကျောင်းသားလေးတွေဟု မှတ်ဟန်ရှိ၏။
မိန်းမပျိုမှာ ကွန်ဗင့်ထွက်၊ ကောလိပ်ကျောင်းသူ ဇပ်ဇပ်ကြဲထဲက ဖြစ်၏။ သို့သော် ကိုလှရွှေနှင့် တွေ့သောအခါ ပြော့၍ ကျတော့၏။ ကိုလှရွှေမှာ အချက်ကျကျ စကားပြောတတ်သည်ဖြစ်ရာ မကြာမီ သူမ၏ ဒေါသသည် လွင့်ပျောက်၍ သွားလေသည်။
စိတ်ထဲတွင်မူကား၊ ကိုလှရွှေကို မဟုတ်မခံတဲ့ တော်တော်မီးခဲကျတဲ့ လူဘဲလို့ အောက်မေ့ထားလိုက်၏။

{၂}
ကိုလှရွှေအကြောင်းကို တွေးလျှင်၊ ၁၉၃၈ ခု ကျောင်းသားအရေးတော်ပုံမှ၊ ကားချပ်ကလေးများသည် တချပ်ပြီး တချပ်၊ ဖျပ်ကနဲ ဖျပ်ကနဲနှင့် ပေါ်လာလေသည်။
***********************
ဒီဇင်ဘာလ ၁၅ ရက်၊ ညနေ။
ရန်ကုန်မြို့ပေါ်ရှိ ကျောင်းသားတို့သည် လူစီတန်းလှည့်လည်ကာ အာဏာဖီဆန်ကြသည်။ ကျောင်းသား တပ်ပေါင်းစု၏ ချိန်းဆိုရာဌာနချုပ်ကား မြို့မကျောင်းဝင်းအတွင်း ဖြစ်သည်။
စုဝေးလျက်ရှိသော ကျောင်းသားလူထုကို ကိုလှရွှေက အာဏာဖီဆန်ခြင်း၏ စည်းကမ်းသဘောများကို ပြောပြ၏။ ထိုအခိုက် မိုးကြွင်းသည် ဖြန်းကနဲ ရွာချလိုက်သည်။ စောစောက ၀င်းနေသော ကောင်းကင်ရှိ ကွက်လပ်၌ တိမ်တိုက်အညိုများ ရောက်နေလေပြီ။
မိုးနှင့် လေအကြားမှ ခေါင်းဆောင်ကိုလှရွှေ၏စကားသံသည် ဖောက်ထွင်း၍ ထွက်လာသည်။
မိုးပေါက်များအကြားဝယ် ကျောင်းသားတပ်ကြီးသည်၊ မောင်ဂိုမာရီလမ်းတလျှောက် ချီတက်၍ သွားကြသည်။ လမ်းဘေးမှ ကြည့်နေသော ပြည်သူတို့က 'အရေးတော်ပုံအောင်ပါစေ' ဟု ကြွေးကြော်လိုက်ကြ၏။ လှံစွပ်သေနတ်ကိုင် စစ်ပုလိပ်အပြည့် စစ်ကားသည် ခပ်လှမ်းလှမ်းမှ လိုက်ပါ၍ လာ၏။
********************************************
ဒီဇင်ဘာလ ၂၀ ရက်
အတွင်းဝန်ရုံး၏ တံခါးပေါက်များတွင် ပိတ်ဆို့၍ နေကြသော ကျောင်းသားလူထုအား ကိုလှရွှေသည် တပ်မှူးသဘွယ် လှည့်၍ အားပေးစကား လိုက်ပြောနေ၏။ သူ၏ လုံချည်တိုတို၊ အသားညိုညို သဏ္ဍန်သည် ကျောင်းသားလူထုထဲမှ ပြတ်သားပေါ်လွင်၏။ (၁၂) နာရီကျော်သောအခါ ဆန်းကဖီးက လှူသော ပေါင်မုန့်နှင့် ငါးသေတ္တာကို နေပူကျဲကျဲတွင် စားလျက်ရှိကြ၏။
မကြာမီ ကျောင်းသားတပ်ကြီးသည် တပ်ခေါက်ကာ ဂျူဒါအီစကယ်လမ်းမှ ကွေ့၍ ချီတက်ကာ ပြန်လာကြ၏။ စပတ်လမ်းထိပ်သို့ ရောက်လျင် မြင်းစီးပုလိပ်တို့သည် နံပါတ်ဒုတ်ဖြင့် တိုက်ခိုက်ကြသည်။
"သူပုန်သူပုန်.... ထထ"
"သခင်မျိုးဟေ့... ဒို့ဗမာ"
ဟူသော အသံသည် ပဲ့တင်ထပ်မြဲ ထပ်လျက်ရှိသည်။ အရှေ့ဆုံးမှ ဖရိုဖရဲ ဖြစ်သွား၏။ နောက်လူများက အလျင်းမသိ၊ ဆက်လက် ချီတက်ကြ၏။ မြင်းစီးပုလိပ်များ ရောက်လာပြန်၏။ ကိုလှရွှေသည် စပတ်လမ်း ပလက်ဖောင်းတွင် ဖုတ်အလိမ်းလိမ်းနှင့် လဲနေ၏။
အတွင်းဝန်ရုံးရှေ့ရှိ သွေးစက်များ.... သွေးစက်များ။
တက္ကသိုလ်ဆေးရုံ အနောက်ဘက် အခန်းတွင်ကား ကိုအောင်ကျော်သည် သွေးတဗွက်ဗွက်အံယင်း လူးလှိမ့်လျက် ရှိသည်။ သတိမရတချက် ရတချက်။ ကိုလှရွှေသည် ကုတင်ဘေးမှ ငေးကာ ကြည့်နေသည်။ ဟင်း..........
ကမာရွတ်မှ ဟံသာဝတီလမ်းအထိ၊ ကြီးမားပြွပ်သိပ်သော လူထု၏ အသံသည် ပင်လယ်မှ လှိုင်းတံပိုးသံဟု မှတ်ထင်ရသည်။ ရှေ့ဆုံးမှ ပန်းခွေဖြင့် လွှမ်းသော ဗိုလ်အောင်ကျော်၏ အလောင်းသည် ကြံတောသင်းချိုင်းအ၀သို့ ၀င်နေသော်လည်း နောက်ဆုံးမှလူသည် ကမာရွတ်ဂါတ်တဲရှေ့တွင် တိုးလျက်ပင် ရှိလေသည်။
မကြာမီ သုဿန်ဇရပ်ရှိ စကားပြောဓါတ်ခွက်မှ....
"ကျမသားလေး.... လက်နက်ဆိုလို့ အပ်တောင် မပါတာကို... နယ်ချဲ့အစိုးရဟာ ရက်ရက်စက်စက် သတ်ပစ်လိုက်ကြတာ.... ကောင်းနိုင်ကြသေးရဲ့လားနော်..."
ဗိုလ်အောင်ကျော် မိခင်အိုကြီး၏ တုန်ရီအက်ကွဲသော အသံဝယ် လူတို့သည် ဆို့၍နေသည်။ မိခင်အိုကြီး၏ ရှိုက်သံသည် တဆွတ် ပျံ့ပျံ့ ပဲ့တင်ထပ်လျက်ရှိသည်။
ထို့နောက် ကိုလှရွှေ၏ မိန့်ခွန်းစကား "ဟယ်.... ဘမော်အစိုးရ" ဟူသော အသံသည် လူထုကို လွှမ်းလိုက်သည်။
စကားလုံးများကား ထက်မြက်ချွန်မြလှ၏။ စကားလုံးများကို တင်ဆောင်ကာ ဖွင့်လှပ်လိုက်သော အသံသည် နှလုံးကို စူးရှတိုးဝင်၍ သွားသည်။ လူတို့သည် ဗိုလ်အောင်ကျော်ကို လွမ်းနေရာမှ၊ လက်သီးကို ဆုပ်လိုက်ကြသည်။ အံကို ကြိတ်လိုက်ကြသည်။
သည်အခါတွင် လူထုသည် ကိုလှရွှေ၏ အမိန့်ကိုသာ နာခံကြလိမ့်မည်။ သူက သေဆိုလျင် သေကြမည်။ ကိုလှရွှေ၏အသံသည် လူအများကို ညှို့နိုင်စွမ်းလှသည်။ အင်္ဂလိပ်စာ ကထိကတဦးက 'ကိုလှရွှေ၏ သုဿန်တွင် ပြောသောစကားသည် ရောမစစ်ဘုရင် ဂျူးလီးယက်ဆီဆာ၏ အလောင်းရှေ့တွင် ထား၍ ပြောသော ကမ္ဘာကျော်စကား ကဲ့သို့ပင် လူများကို ပြောင်းလဲနိုင်သည်' ဟု မှတ်ချက်ချလိုက်သည်။
ကိုလှရွှေကား တရားပွဲများကို ဇက်တိုက်ဟောရသည်။ တညထဲတွင်ပင် အချိန်ပြောင်း၍ ချိန်းကာ ကားတစင်းဖြင့် တပွဲပြီးတပွဲ ပြေးကာ လွှားကာ ဟောရသည်။
သို့သော် သပိတ်လှန်လိုက်သောအခါ ရဲရဲတောက်သန်းတင်က သပိတ်မလှန်ဂိုဏ်းထောင်၍ (၂) စုကွဲသွားကြသေးသည်။ ယခင်က 'အာဏာရှင်' ဟု ချီးကျူးသော သတင်းစာများက 'ခွါနာရှင်' ဟု ပြက်ရယ်ပြုကြ လေ၏။ ည တည ကိုလှရွှေသည် မော်တော်ကားဖြင့် စမ်းချောင်းသို့သွားစဉ် ပုလင်းနှင့် အပေါက်ခံရ၏။

တက္ကသိုလ်သမဂ္ဂအသင်းတိုက်တွင်၊ ကျောင်းသားညီလာခံခေါ်ပြီး သပိတ်လှန်-မလှန် စည်းဝေးကြပုံကို သတိရမိ၏။ သန်းတင်နှင့် နောက်လိုက်များက နိုင်ငံလုံးဆိုင်ရာ ကျောင်းသားကိုယ်စားလှယ်များရှေ့တွင် သပိတ်ဆက်လက်မှောက်ရေးကို ပြောကြ၏။ ပြီးနောက် ကိုလှရွှေက ခရေစေ့တွင်းကျ အချက်အလက်နှင့် ရှင်းလင်းပြ၏။
ကျောင်းသားကိုယ်စားလှယ်များသည် တကဲ့အဖြစ်မှန်ကို မြင်လာကြလေပြီ။ မဲခွဲလိုက်သောအခါ ကိုလှရွှေဘက်က မဲများစွာနှင့် အပြတ်အသတ် နိုင်ခဲ့သည်။
နောက်နှစ်တွင် ကိုလှရွှေသည် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂနှင့် တက္ကသိုလ်သမဂ္ဂ၏ ဥက္ကဌ ဖြစ်ခဲ့သည်။
ကျောင်းသားအရေးတော်ပုံ အပြီးတွင် ကိုလှရွှေလည်း မိန်းမယူလိုက်လေသည်။ လူတို့သည် စိတ်ပျက်သည့်အခါ၊ သို့မဟုတ် မျှော်မှန်းချက်များ အစိပ်စိပ်အမွှာမွှာ ကွဲပြိုသွားသည့်အခါ မိမိစိတ်ညစ်ခြင်းကို ခွဲဝေယူရန် အဘော်အဖြစ် မိန်းမယူတတ်ကြလေသည်။
ကိုလှရွှေလည်း ဆေးကျောင်းတက်နေယင်း 'ရီ' နှင့် လက်ထပ်လိုက်လေ၏။
တည သမဂ္ဂအစည်းအဝေးအပြီး၌ မိုးရွာနေရာ၊ သူ၏ ချစ်ဇနီး 'ရီ' အား ထီးမိုးကာ ကားပေါ်သို့ ပို့ပေးသည်ကို မြင်လိုက်ရ၏။

{၃}
သူ သမဂ္ဂအဖြစ်ဥက္ကဌအဖြစ်ဆောင်ရွက်သော ၁၉၃၈-၃၉ ကျွန်တော်လည်း တက္ကသိုလ်သမဂ္ဂတွင် အမှုဆောင် (ပေါင်းသင်းဆက်ဆံရေးအဖွဲ့နာယက) ဖြစ်ခဲ့ရာ သူနှင့် နီးနီးကပ်ကပ် တွေ့မြင်ရလေသည်။
တည တက္ကသိုလ်သမဂ္ဂအသင်းတိုက်တွင် အာဇာနည်နေ့ ကျင်းပရေးအတွက် အစည်းအဝေးတရပ် ကျင်းပ၏။ ဒို့ဗမာအစည်းအရုံးမှ စ၍၊ အဖွဲ့ပေါင်းစုံမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။ အစည်းအဝေးကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂက ဆော်သြသူအဖြစ် ဖိတ်ခေါ်၍၊ ကိုလှရွှေသည် အစည်းအဝေး၏ သဘာပတိ၊ သခင်ဘဟိန်းက အတွင်းရေးမှူးအဖြစ် ဆောင်ရွက်သည်။
ကျွန်တော် မှတ်မိသလောက်၊ သခင်ဗစိန်၊ သူနာပြု ဦးဘနှင်း၊ မြို့မဆရာဟိန်၊ သခင်ကျော်စိန်၊ သခင်လေးမောင်၊ သခင်တင်မောင် (ကွယ်လွန်) စသူတို့သည် ထက်ထက်သန်သန် စကားပြောကြ၏။
နောက်ဆုံးဘယ်နေ့ ဘယ်ရက်ကို အာဇာနည်နေ့ သတ်မှတ်မည်ကို နေ့ရွေးကြ၏။ ဆွေးနွေးယင်း အတိုက်အခံ အစုကလေး နှစ်စု ကွဲ၍လာ၏။
တဘက်က ဗိုလ်အောင်ကျော်အရိုက်ခံရသော အာဏာဖီဆန်သည့်နေ့ကို အာဇာနည်နေ့ သတ်မှတ်ရန် ပြောကြ၏။ တဘက်ကမူကား ဗိုလ်အောင်ကျော် ကျဆုံးသော ၁၉၃၈ ကျောင်းသားအရေးတော်ပုံကြီးသည် ရေနံမြေအလုပ်သမား သပိတ်မှစတင် တောက်လောင်ခြင်း ဖြစ်သဖြင့် အလုပ်သမားများနှင့် ပတ်သက်သော နေ့ကို အာဇာနည်နေ့အဖြစ် သတ်မှတ်သင့်ကြောင်း အကျယ်တ၀င့် ပြောကြ၏။
ပြောကြယင်း ပြောကြယင်း အရေးတော်ပုံကို အလုပ်သမားများက ခေါင်းဆောင်သည်၊ ကျောင်းသားများ ခေါင်းဆောင်သည် စသည်ဖြင့် ဆွေးနွေးသောအချက်မှ တိမ်းချော်ကာ ပုဂ္ဂလဓိဌာန် အထိအခိုက်တွေပါ ပါလာတော့၏။
တော်တော်ပြင်းပြင်းထန်ထန် ပြောကြ၏။ တဘက်နှင့်တဘက်လည်း ပုတ်ခတ်၍ လာကြ၏။ သခင်ဘဟိန်းကား ခပ်ပြုံးပြုံးပင် နားထောင်နေ၏။ လက်သီး လက်မောင်းတန်းနေသော သခင်တင်မောင်ကို ကျွန်တော်က ဆွဲထားရ၏။ သခင်တင်မောင်ကား ဒေါသကြီး၏။ သူတို့၏ မျက်နှာများသည် နီမြန်း၍ နေကြကုန်၏။
တချို့ကား လက်မောင်းပင့်ပြီး ရှေ့သို့ ထလာ၏။ ကျွန်တော့်စိတ်ထဲတွင်ကား တဘက်နှင့် တဘက် ထိုးကြ ကြိတ်ကြတော့မည်မှာ မလွဲဟု အောက်မေ့ထားလိုက်၏။ သခင်တဦးက ကျောင်းသားတွေဟာ ဘာကောင်တွေ ညာကောင်တွေ စသည်ဖြင့် ဆဲရေး၏။
'ထိုင်... ထိုင်.. မပြောနဲ့' စသည်ဖြင့် အော်ဟစ်ကြွေးကြော်နေသည့် ကြားထဲမှ သခင်လေးမောင်သည် မရပ်ဘဲ လျှာရှည်ရှည်နှင့် စကားပြောလျက်ရှိ၏။ တခန်းလုံး တယောက်တခွန်း စကားသံတွေဖြင့် ပွက်ပွက်ညံလျက် ရှိသည်။
သခင်တဦသည် လက်ထဲမှ ထီးကိုယူကာ တဘက်သို့ ပြေးသွားလေပြီ။
သည်လို ပေါက်ကွဲတော့မည့် လေပြင်းမုန်တိုင်းထဲမှ ကိုလှရွှေသည် ထကာ "သခင်လေးမောင်၊ ရပ်လိုက်ပါ... ရပ်လိုက်ပါ...."
သခင်လေးမောင်၏ စကားသံသည် ဆက်လက်ပေါ်လာ၏။
"အားလုံး ငြိမ်ကြပါ ဒီအစည်းအဝေးမှာ ကျွန်တော်သည်သဘာပတိ၊ ကျွန်တော့်အမိန့် နားထောင်ရမယ် ခင်ဗျားတို့ အားလုံးငြိမ်ကြ....."
သူ၏ အောင်မြင်ထက်မြက်သော အသံသည် သမဂ္ဂအခန်းတခုလုံးကို လွှမ်းသွားသည်။ ဆူပွက်သော အသံများသည် မီးကို ရေနှင့် သတ်လိုက်သလို ရှဲကနဲ တိတ်သွားသည်။ မီးကို ရေနှင့်သတ်လိုက်သလို ဟူသော ဥပမာစကား၏ တိကျမှန်ကန်ခြင်းကို ဤနေရာတွင်မှ ဒက်ကနဲ တွေ့လိုက်ရပေသည်။
ကျွန်တော်ကား ကိုလှရွှေကို ကျေးဇူးတင်လျက် ရှိသည်။ အကယ်၍သာ ကိုလှရွှေသည် အစည်းအဝေးကို မထိန်းသိမ်းနိုင်လျင်၊ ဧကန် သွေးထွက်သံယိုမှုများ ဖြစ်ပွါးမည်။ တိုင်းပြည်က အထင်ကြီးသော ဒို့ဗမာအစည်းအရုံးမှ ခေါင်းဆောင်များနှင့် ကျောင်းသားများ၏ ရန်ပွဲသည် ရှက်ဘွယ်ရာ ကျော်ကြား၍ သွားပေမည်။

{၄}
ကျောင်းသားခေါင်းဆောင်အဖြစ်ကား ကိုလှရွှေသည် သံမဏိလမ်းစဉ်နှင့် လုပ်ခဲ့သည်။
အလုပ်သမား၊ လယ်သမားစသော ဆင်းရဲသားအရေးတို့ကို ရှေ့ရှုခဲ့သည်။ သူသတ်မှတ်ထားသော လမ်းစဉ်ကို မတိမ်းမစောင်းဘဲ စိုက်မတ်စွာ ရဲရဲရင့်ရင့် လုပ်တတ်သည်။ သူ သမဂ္ဂဥက္ကဌဖြစ်တဲ့နှစ်က ဒုတိယဥက္ကဌ ကိုကျော်မြင့် (ယခု ဆိုရှယ်လစ်ပါတီ) က သမဂ္ဂအစည်းအဝေးပွဲ တပွဲတွင် ဒေါက်တာဘမော်ကို နိုင်ငံရေးတရား ဟောခိုင်းဖို့ အဆိုတင်သွင်းရာ၊ ကိုလှရွှေသည် ခါးခါးသီးသီး ငြင်းပယ်ခဲ့သည်။
'ကျုပ်လက်ထက်မှာ ဒေါက်တာဘမော် သမဂ္ဂစင်မြင့်ပေါ် မတက်စေရဘူး' ဟု သူပြောသည်။
အခုတင် ဘမော်အစိုးရကို ဖြုတ်ချပြီး၊ အခုဘဲ သူနှင့် ပြန်၍ လက်တွဲရမည့်သဘောကို သူအလိုမရှိပေ။ သူ့လက်ထက်တွင် ဒေါက်တာဘမော် တခါမျှ သမဂ္ဂစင်မြင့်သို့ မရောက်ခဲ့ရပေ။ ကိုလှရွှေသည် သံမဏိလမ်းစဉ်၊ ချိုးဖဲ့ကွေးညွတ်၍ မရသော လမ်းစဉ်အတိုင်း စိုက်စိုက်မတ်မတ် သွားသည်။
ကျောင်းသားအရေးများကြောင့်ပင် သူသည် ပညာရေးဘက်က များစွာ အနစ်နာခံခဲ့ရသည်။

သူ တက္ကသိုလ်ရောက်သည်မှာ ကြာလှပေပြီ။ သူသင်ယူသော အမ်ဘီဘီအက်စ် ဆရာဝန်အတတ်မှာ (၇) နှစ် သင်တန်း ရှိပေရာ၊ သပိတ်ကိစ္စ၊ သမဂ္ဂကိစ္စ အ၀၀ကြောင့်၊ စာမေးပွဲ မဖြေရသည်မှာ မကြာခဏပင် ဖြစ်ပေသည်။ အထူးသဖြင့် ဆရာဝန်အတတ်မှာ ဘီအေ၊ အမ်အေ ကဲ့သို့ ကျောင်းမှန်မှန် မတက်သော်လည်း၊ စာဖတ်ပြီး စာမေးပွဲအောင်ရန် မရပေ။ လက်တွေ့ အတန်းများကို မပျက်မကွက်တက်ပြီး မှန်မှန်ကျိုးစား စာဖတ်မှ တော်ရုံကျပေသည်။ သည်အထဲ သမဂ္ဂလုပ်ငန်းကို လုံးလုံးလျားလျား လုပ်ပြီး၊ စာမေးပွဲ မဖြေရသဖြင့်၊ ကျောင်းသက်မှာ ရှည်ရခြင်း ဖြစ်လေသည်။
၁၉၃၉ ခုမှစ၍ သူသည် ကျောင်းစာကို လိုက်ရလေသည်။ ထိုနှစ်မှစ၍ သူ၏ သမဂ္ဂဥက္ကဌ သက်တန်းစေ့ သဖြင့်သာ၊ အမ်ဘီဘီအက်စ် ဆရာဝန်ဘွဲ့ကို ဆွတ်ခူးခွင့် ရခဲ့ပေသည်။
နောက်ဆုံးနှစ် အမ်ဘီဘီအက်စ် နှုတ်ဖြင့် မေးသော စာမေးပွဲတွင် ဆေးတက္ကသိုလ်အဖွဲ့မှ ဆေးမင်းကြီးက ၁၉၃၈ ခု၊ ကျောင်းသားအရေးတော်ပုံသည် မှန်သလော ဟူသော မေးခွန်းမျိုးကို ကိုလှရွှေအား မေးသည်ဟု ကြားရသည်။ ကိုလှရွှေသည် အရေးတော်ပုံဘက်မှနေ၍ ရဲရင့်စွာပင် အချက်အလက်များနှင့် ဖြေကြားခဲ့ပေသည်။ ထိုအခါက နယ်ချဲ့စနစ်သည် ခိုင်မြဲလျက် ရှိသေးသည်။
အကယ်၍သာ ကျောင်းမှထွက်ပြီး နိုင်ငံရေးဆက်လိုက်လျင် သူ၏ ကျော်စောခြင်းအရှိန်နှင့် ယခုအခါ အတော် အရေးပါသော တနေရာတွင် ရောက်နိုင်ရန် အလားအလာ ရှိခဲ့ပေသည်။
သို့သော် သူသည် သမဂ္ဂက ထွက်ပြီးကတည်းက အေးချမ်းငြိမ်ဝပ်စွာ နေခဲ့သည်။ ဆရာဝန်ပညာကိုသာ စိတ်အားထက်သန်ခဲ့ပေသည်။ ဆရာဝန်ကြီးတဦးက ကိုလှရွှေအား 'ငယ်ရွယ်သော်လည်း ထက်မြက်လှသော အခွဲအစိပ် ဆရာဝန်တဦး ဖြစ်လေသည်' ဟု ချီးကျူးခဲ့သည်။
ဂျပန်တက်စ ဘီအိုင်အေ ခေတ်က ကျွန်တော်သည် ကျိုက်လတ်မြို့ရှိ ဒို့ဗမာအစိုးရ၏ အုပ်ချုပ်ရေးကိစ္စတခုဖြင့် ဖျာပုံသို့ ရောက်ခဲ့ရာ၊ သူ့အိမ်တွင် သူ့ကို သွားတွေ့သည်။ သူသည် အုပ်ချုပ်ရေးမှူး လုပ်လျက် ရှိသည်။
သူက 'ကျွန်တော်တော့ဗျာ မတတ်သာလို့ အုပ်ချုပ်ရေးမှူး လုပ်နေတာဘဲ' ဟု ညည်းသည်။ ဂျပန်ကလည်း ပြည်သူ့ဆေးရုံတွင် အခွဲအစိပ် ကိစ္စများကို လုပ်ကိုင်လျက် ရှိခဲ့သည်။ နောက်တဖန် မအူပင်သို့ ခရိုင်ဆရာဝန်အဖြစ် ပြောင်းသွားသည်။
လူအဖြစ်ကား ကိုလှရွှေသည် ဘော်ရွေပြူငှာလှသည်။ သဘောကောင်းသည်။ ရယ်စရာတခုခုပြောပြီး ဟက်ဟက်ပက်ပက် ရယ်မောတတ်သည်။ သူ၏ ရယ်သံမှာ တောမြိုင်အတွင်းရှိ ရေယဉ်စမ်းမှ စီးကျသံလို ကာရန်ညီ၍ စီးချက်ကျသည်။ သူနှင့် စကားပြောလျှင် ပျင်းစရာမကောင်း။ သူ့တွင် ဟာသရှိသည်။
တာရာမဂ္ဂဇင်းကို သူ့ထံသွားပေးသည့်အခါ သူသည် မျက်နှာဖုံးကစ၍ ဝေဖန်ချက် ပြောလေ့ရှိသည်။ သူ့တွင် ဝေဖန်စစ်ဆေးခြင်း မျက်စိရှိသည်။ 'ငွေလှေပေါ်ကအနမ်း' ကဗျာကိုကား 'ခင်ဗျားဟာက ကိုယ်မရတိုင်း၊ ကိုယ်မဖြစ်တိုင်း၊ ကိုယ်ဖြစ်ချင်တာတွေ အိပ်မက်မက်ထာဘဲလားဗျာ' ဟု ရယ်ကာ ပြောလေသည်။
'ခင်ဗျားမူအတိုင်း မပျက်စေနဲ့၊ တန်ဘိုးကို အမြဲထိန်းသိမ်းနော်' ဟု ကျွန်တော့်ကို ပြောတတ်သည်။
'တာရာ' တွင် ဘ၀နှင့်ပတ်သက်သော ဆောင်းပါးများ ရေးပေးမည်ဟု ကတိပေးဘူးသည်။ သို့သော် သူ့မှာ မအားလပ်သဖြင့် မရေးဖြစ်ခဲ့။
သူသည် ခေတ်အယူအဆ၊ စာပေ စသည်တို့ကို လစ်လျူရှုသူ မဟုတ်ပေ။ သူရေးခဲ့သော် 'ဇနီးမောင်နှံရာသက်ပန်' ကား စာအုပ်ကောင်းတအုပ် ဖြစ်၍ မကွယ်မထောက် ရှင်းလင်း ပြတ်သားလှသည်။ ခေတ်ပေါ် ဗမာကာမသျှတ္တရ စာအုပ်များထဲတွင် သူ့စာအုပ်သည် ပညာအဆံဆုံး၊ အခိုင်လုံဆုံး ဖြစ်ပေသည်။

{၅}
ဆရာဝန်ဆို၍ ကိုလှရွှေတယောက် ရှိသည်မှာ မိတ်ဆွေရဲဘော်များအတွက်လည်း များစွာ အားကိုးစရာ ဖြစ်ခဲ့သည်။ ဂျပန်ခေတ်က သခင်ဘဟိန်းသည် အသားဝါရောဂါ ဖြစ်နေစဉ်၊ ကိုလှရွှေသည် မနက်အစောကြီး ပေါက်လာကာ ဆေးထိုးပေး၏။ သခင်ဘဟိန်းမှာ အိပ်ရာထနေမြင့်၍၊ ကိုလှရွှေသည် စောင့်၍ ဆေးထိုးပေးရ၏။
ကျောင်းသားဘ၀ကလည်း ကိုလှရွှေသည် သခင်ဘဟိန်းကို ဆေးထိုးပေးခဲ့သည်။ ဆေးထိုးရန်အတွက် ဆေးထိုးတံ ပြင်နေစဉ်၊ သခင်ဘဟိန်းက လက်မောင်းကို ပွတ်ယင်း ပြုံးပြီး 'ဟုတ်မှ ဟုတ်ရဲ့လားကွာ တော်ကြာ ဆေးထိုးမှားလို့ ကြွနေပါအုံးမယ်'
ကိုလှရွှေကား ဟက်ဟက်ပက်ပက် ရယ်မောကာ၊ 'အလကားထိုးပေးရလို့ကို ကိုယ့်လူ။ မောင်ရင်က ပိုက်ဆံပေးရမှ အဟုတ်ထင်တာကိုး၊ အောင်မယ်လေး.... ထိုးပေးရတဲ့ လူကတောင် ချော့နေရသကိုး'
ကျွန်တော်တို့ကား ရှုံ့ ရှုံ့ မဲ့နှင့် ခံနေသော သခင်ဘဟိန်းအား ရယ်၍သာ နေကြ၏။ ကိုလှရွှေက အပ်ကို ဆွဲထုတ်ယင်း 'အပ်ကြီးကြီးနဲ့ ထိုးလိုက်ရတာ အသားဘဲဟေ့' ဟု ရယ်မောလျက် ရှိ၏။
၁၉၄၆ နှစ်ဦးက ကျွန်တော်သည် ၀မ်းကိုက်ရောဂါဖြစ်၍ ကိုလှရွှေထံတွင် အကြိမ် (၆၀) ခန့် ဆေးထိုးရဘူး၏။
သူဆေးထိုးမည်ပြုလျင် ကျွန်တော်က အင်္ကျီလက်ကိုပင့်ယင်း 'ဖြေးဖြေးလုပ်နော်' ဟုပြောရာ၊ 'ဒီတခါတော့ အပ်ကြီးကြီးနဲ့ ထိုးရမယ်ဗျ' ဟုပြောပြီး ထိုးလေ့ရှိ၏။
သူ့အိမ်သို့ ဆေးထိုးသွားလျှင် တက်ဘုန်းကြီးသိန်းဖေ၊ သခင်ဗတင်၊ စသည်တို့ကို တွေ့ရတတ်၏။ ကိုထွန်းအုံနှင့်ကား ဆေးထိုးဆုံ၍ နေတတ်၏။ ကိုလှရွှေ ဆေးထိုးမည့်နေ့ဆိုလျှင်၊ သူ့ဇနီး 'ရီ' သည် ဆေးထိုးတံ၊ အပ် စသည်တို့ကို ဆေးစိမ်၍ ထားလေ့ရှိသည်။ ကိုလှရွှရေးပေးသည့် အညွှန်းအတိုင်း ဆေးစပ်ပေးလေ့ရှိ၏။ ကိုလှရွှေသည် ချစ်ဇနီး 'ရီ' ကို အတော်ချစ်ပုံရလေသည်။
တညနေတွင် ကျွန်တော်သည် ဆေးရုံဝင်းထဲရှိ အိမ်တွင် ဆေးထိုးရန် ကိုလှရွှေကို စောင့်လျက်ရှိသည်။ ကိုယ်တော်တပါးသည် ဒေါက်တာမောင်လှရွှေကို တွေ့ချင်သည်ဆို၍ ဧည့်ခန်းသို့ ၀င်လာ၏။
မကြာမီ ကိုလှရွှေသည် ဆေးရုံမှ ရောက်လာသည်။ ကိုယ်တော်က ခြေတွင် ထုံကျင်ကိုက်ခဲသော ဝေဒနာ စွဲကပ်၍ ဆေးရုံတက်လိုကြောင်း ပြောပြ၏။ ကိုလှရွှေက နောက်တနေ့တွင် ဆေးရုံပြင်ပလူနာဌာနသို့ လာရောက်ရန် ချိန်းဆို၏။ သို့သော် ကိုယ်တော်က အတော်ကြာပင် ဆေးရုံအကြောင်းကို မေးမြန်းနေလေ၏။ ကိုလှရွှေကား စိတ်ရှည်လက်ရှည် ရှင်းပြနေ၏။ နားထောင်ရသော ကျွန်တော်ပင် စိတ်မရှည်ပေ။
ကိုလှရွှေ ခေတ္တ အိမ်ခန်းထဲသို့ ၀င်သွားသောအခါ ကိုယ်တော်က၊ 'အာဏာရှင်ကြီး မောင်လှရွှေ လခ ဘယ်လောက်ရလဲ၊ တထောင်ကျော်လား' စသည်ဖြင့် ကျွန်တော့်အား မေးလျက်ရှိ၏။ ကိုယ်တော်သည် ကျောင်းသားခေါင်းဆောင်အဖြစ် ကိုလှရွှေကို အတော်စွဲလန်းပုံရသည်။

{၆}
မသွားခင် တလကျော်ကျော်လောက်က သူနှင့် တွေ့သောအခါ၊ အမေရိကန်ပြည်သို့ သင်္ဘောနှင့် သွားမည်ဟု ကျွန်တော်ကို ပြော၏။ နောက်မှ လေယာဉ်ပျံနှင့် သွားမည်ဆိုတာ သိရ၏။
သူသည် အမေရိကန်ပြည် မနီဆိုတာ တက္ကသိုလ်၌ အခွဲအစိပ်ပညာကို ပညာတော်သင်အဖြစ် သွားရောက် သင်ကြားရန် ဖြစ်သည်။ သူသည် ဆေးသိပ္ပံပညာ၌ စိတ်ဝင်စားလျက် ရှိနေသည်။
'ကျွန်တော်တို့တတွေ သိပ္ပံပညာဘက်မှာ ပြည့်ပြည့်၀၀ ခေတ်မှီမှီ တတ်ကျွမ်းနားလည်ဘို့လိုတယ်။ လေ့လာဆည်းပူးစရာတွေ အများကြီး ရှိသေးတယ်.....' ဟု ကျွန်တော့်အား ကိုလှရွှေက ပြော၏။
ထင်ကြီးနှင့် တက္ကသိုလ်တခုတည်းဆို၍ ထင်ကြီးက တဖွဖွမှာနေသော တာရာမဂ္ဂဇင်းများကို ကိုလှရွှေနှင့် ပါးလိုက်ရန် သူ့ဆီသွားတွေ့၏။ ထိုနေ့က သူ အင်းစိန်သွားနေသဖြင့် မတွေ့လိုက်ရ။ လေယဉ်ပျံတွင် ယူနိုင်သည့် ၀န်စီစလယ် အလေးချိန်မှာ ပြည့်နေပြီဟု ကြားရသဖြင့် ဆန်းကဖေးမန်နေဂျာ တွန်မီထွန်းတင်နှင့် ပေးလိုက်ရလေသည်။
များမကြာမီ အာရေဗျ ပင်လယ်ကွေ့၌ လေယာဉ်ပျံ ပျက်သည့်သတင်းကြားရရာ ထိတ်ခနဲ ဖြစ်သွားသည်။ တနှစ်အတွင်း မိတ်ဆွေရဲဘော်များ၊ အထူးသဖြင့် သမဂ္ဂဥက္ကဌများသည် ကွယ်လွန်ရှာကြလေပြီ။ ပဌမ ကွန်မြူနစ်ခေါင်းဆောင် သခင်ဘဟိန်း၊ နောက် ဖဆပလဥက္ကဌ သခင်အောင်ဆန်း၊ နောက်ဆုံး ၁၉၃၈ နှစ် ကျောင်းသားအရေးတော်ပုံ၏ ခေါင်းဆောင် ကိုလှရွှေ။

ဒဂုန်တာရာ။
အောက်တိုဘာလ ၁၉၄၇။
[ဒဂုန်တာရာ 'ရုပ်ပုံလွှာ' ပထမနှိပ်ခြင်း။ ၁၉၅၅ မှ ကူးယူဖော်ပြပါတယ်။]

အပြည့်အစုံ..သို့ ...>>>

ဒေါက်တာလှရွှေ
ရေးသူ- ဒဂုန်တာရာ

ဒီစာကို Select ပေးပြီးရေးပါ...

Summary

Rest of your post

အပြည့်အစုံ..သို့ ...>>>

Monday, July 6, 2009

ရန်ကုန်တက္ကသိုလ်ကျောင်းတိုက်ကြီးရဲ့- ခြောက်ဆယ်စုနှစ်ပုံရိပ်များ
ရေးသူ- ဥာဏ်မောင်ချစ်

စီစဉ်သူများရဲ့ ဖိတ်ကြားချက်အရ "၆၁-နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်" တွေ့ဆုံပွဲကို တက်ရောက်ခွင့် ရခဲ့ပါတယ်။ ဒီပွဲက၊ ဆရာကြီးပါရဂူနဲ့ ဆရာကြီး ဒဂုန်တာရာတို့ကို အမှူးထားပြီး၊ ကျင်းပတဲ့ တွေ့ဆုံပွဲပါ။ ဒီပွဲမှာ ဆရာကြီး နှစ်ဦးနဲ့အတူ၊ ခေတ်ပြိုင်မျိုးဆက်သစ်များ ဖြစ်ကြတဲ့၊ လူငယ်ပိုင်း၊ လူလတ်ပိုင်း ကဗျာဆရာ၊ စာရေးဆရာနဲ့ စာနယ်ဇင်းအချို့က တာဝန်ခံ အယ်ဒီတာများနဲ့ တွေ့ဆုံနှုတ်ဆက်ခွင့် ရခဲ့ပါတယ်။ အထူးသဖြင့် သူတို့နဲ့အတူ လူ့သက်တမ်းအရ၊ ဖြတ်သန်းမှုအရ၊ မိမိနဲ့ ခေတ်ပြိုင်ဖြစ်တဲ့ ၀ါရင့်သတင်းစာဆရာနဲ့ အတွေးအမြင်မဂ္ဂဇင်းဖန်တီးသူ မောင်ဝံသနဲ့ စွယ်စုံအနုပညာရှင် မောင်မိုးသူကိုပါ တွေ့ဆုံနှုတ်ဆက် စကားစမြည် ပြောခွင့်ရခဲ့ပါတယ်။ သူတို့နှစ်ယောက်ကို တွေ့လိုက်ရတာဟာ၊ ကွဲကွာနေတဲ့ လူနှစ်ယောက်ကို တွေ့လိုက်ရတာ ထက် ပိုလွန်ပါတယ်။ သူတို့နှစ်ဦးရော၊ မိမိပါ မရှိရှာကြ၊ မတွေ့နိုင်ရတော့တဲ့၊ တခြား ငယ်ပေါင်းကြီးဖော်တွေပါ ကိုယ်စားပြုခဲ့ကြတဲ့၊ "ကာလတခုက သမိုင်းပုံရိပ်" များကို ပြန်မြင်ယောင်မိ၊ လွမ်းဆွတ်တသ မိခဲ့ရပါတယ်။

"ရန်ကုန်တက္ကသိုလ်ကျောင်းတိုက်ကြီး" ရဲ့ ခြောက်ဆယ်စုနှစ်များက လွမ်းစရာပုံရိပ်များ၊ မြင်ကွင်းများ၊ အဖြစ်သနစ်များဟာ မိမိရဲ့ မြင်ကွင်းအာရုံထဲမှာ ပန်းစကြာ မှန်ပြောင်းလှည့်သလို၊ လင်းလက် ငုပ်ပေါ်၊ သက်တန်ရောင်စုံ ပျော်မြူးနေသလိုပါပဲ။ ဒီလိုနဲ့ မိမိရဲ့ အာရုံအင်္ဂါများက မိမိအတွက် "ရန်ကုန်တက္ကသိုလ် ကျောင်းတိုက်ကြီး" ရဲ့ လွမ်းစရာ့ ပုံရိပ်များကို ပြန်ပြီး၊ အသက်သွင်ပေးခဲ့ပါတယ်။

***** ***** *****

ခုဆိုရင်၊ ရန်ကုန်တက္ကသိုလ်ကျောင်းတိုက်ကြီးနဲ့ အဆက်အသွယ်ပြတ်ခဲ့တာ၊ နှစ်ပေါင်း (၄၆) နှစ်၊ ရာစုနှစ် တ၀က်နီးပါး၊ ရှိခဲ့ပါပြီ။ တချို့လူပုဂ္ဂိုလ်တွေ မသဲမကွဲ၊ မှေးမှေးမှုန်မှုန်၊ ပျပျရေးရေး၊ တချို့က သဲသဲကွဲကွဲ ထင်ထင်ရှားရှား၊ လင်းလင်းလက်လက်၊ ပျက်ပျက်ထင်ထင်။ တချို့အဖြစ်အပျက်တွေက ပူပူနွေးနွေး လတ်လတ်ဆတ်ဆတ်၊ တချို့အဖြစ်အပျက်တွေက ယိမ်းယိမ်းယိုင်ယိုင် ပြိုပြိုကွဲကွဲ။ တချို့ကို အာရုံတွေက ထိန်းသိမ်းလက်ခံထားဆဲ၊ တချိုကို မေ့ဖျောက်ပစ်ခဲ့ပါပြီ။
မိမိတို့ လူ့သက်တမ်းများ ကိုယ်နှိုက်ကပင် ဆယ်စုနှစ် ခြောက်ခု ကျော်ခဲ့ပြီ။ "ခုနှစ်ဆယ်" ဆိုတဲ့ လူ့သက်တမ်းဟာ ( ဆရာကြီးတက်တိုး မကွယ်လွန်မီက ရေးသားဆုံးမခဲ့သလို) "ကြီးဆိုးကြီးမိုက်များ" မဖြစ်ထိုက် တော့ပါပြီ။ "မလိမ္မာနိုင်ကြရင်တောင် မိုက်ဖို့မကောင်းတော့တဲ့ အရွယ်များ ဖြစ်ခဲ့ပါပြီ"။ "သူ့အလှနဲ့သူရှိတဲ့ လောကကို ပိုလှအောင် မစွမ်းဆောင်နိုင်ရင် ရှိပါစေတော့၊ ရှိပြီးဖြစ်တဲ့ လောကအလှကို ယိုယွင်းပျက်စီစေတဲ့သူ ဖြစ်ဖို့ မကောင်းတော့ပါပြီ။ ဘာပဲပြောပြော လူတယောက် လူအဖြစ် ကြီးပြင်း ရင့်ကျက်လာစေရေးမှာ အသက် အရွယ်တစုံတရာဟာ မရှိမဖြစ်တဲ့ လိုအပ်ချက်တော့ ဖြစ်ရလိမ့်မယ်" လို့ မှတ်ယူချင်ပါတယ်။
ကိုမိုးသူ(မောင်မိုးသူ)၊ ကိုစိုးသိန်း (မောင်ဝံသ) နဲ့ မိမိတို့ဟာ၊ လွတ်လပ်ရေးခေတ် ဒုတိယဆယ်စုနှစ် အတွင်းမှာ၊ ရန်ကုန်တက္ကသိုလ်ကျောင်းတိုက်ကြီးရဲ့ ရင်ခွင်နဲ့ အရိပ်အာဝါသအောက်ကို ၀င်ရောက်လာကြသူ မျိုးဆက်တဆက်ထဲက လူတချို့ပါ။ ကိုစိုးသိန်းနဲ့ မိမိတို့ တချို့က ရန်ကုန်တက္ကသိုလ်၊ ကိုမိုးသူတို့တချို့က မန်းတက္ကသိုလ် ကို တက်ရောက်ခဲ့ကြတာပါ။ အဲဒီစဉ်က စိတ်တူကိုယ်တူ ရှိခဲ့တဲ့ (အညာ) က သူငယ်ချင်းတွေရော၊ (အောက်) က သူငယ်ချင်းတွေပါ၊ အများတကာ့အများစုကြီးဟာ "လောကကို ပုံစံမျိုးစုံနဲ့ စွန့်ခွါသွားခဲ့ ကြရှာပါပြီ။"
မိမိတို့ အားလုံးဟာ၊ အမိတက္ကသိုလ် ကျောင်းတိုက်ကြီးများရဲ့ ကောင်းမြတ်တဲ့ သမိုင်းအစဉ်အလာများကို တတ်နိုင်သမျှ ဆက်ခံကိုယ်စားပြုခဲ့ကြပါတယ်။ ရန်ကုန်တက္ကသိုလ် ကျောင်းတိုက်ကြီးဟာ၊ စတင်ထူထောင်ခါစ ကတည်းက ဗြိတိသျှကိုလိုနီ အစိုးရရဲ့ ရည်မှန်းချက်များနဲ့ ဆန့်ကျင်ပြီး၊ တိုင်းချစ်စိတ် ပြည်ချစ်စိတ်ကို မျိုးစေ့ချပေးခဲ့တဲ့ နေရာတခုပါ။ လောကပါလတရားကြီးများကို ချစ်ခင်မြတ်နိုးတတ်၊ ရပ်ခံကာကွယ်တတ်အောင်၊ ဖိနှိပ်မှုများကို ဆန့်ကျင်ဖယ်ရှားတတ်အောင် လေ့ကျင့်ပျိုးထောင်ခဲ့တဲ့ နယ်မြေပါ။ အမျိုးဂုဏ်၊ နိုင်ငံ့ဂုဏ်၊ လူသားဂုဏ်၊ လွတ်လပ်မှုဂုဏ်တို့ကို ပျိုးချ၊ မြေတောင်မြှောက်ပေးခဲ့တဲ့ နေရာဌာနလည်း ဖြစ်ပါတယ်။ လောကပါလတရားများကို ချစ်တဲ့သူတွေ၊ ကိုယ်စားပြု ရပ်ခံကာကွယ်မယ့် မျိုးဆက်တွေကို စဉ်ဆက်မပြတ် မွေးဖွားပေးခဲ့တဲ့ ဘူမိနက်သန် မြေပါ။ ခေတ်ပြိုင် မျိုးချစ်ဝါဒီတွေ၊ ပရပဓါန၀ါဒီတွေ၊ နယ်ပယ်အမျိုးမျိုးကို ကိုယ်စားပြုတဲ့ ပညာရှင်တွေကို ပျိုးထောင် မွေးမြူပေးခဲ့တဲ့ နေရာပါ။ ပုဂ္ဂလလူနဲ့ သူ့ပတ်ဝန်းကျင်အကြား အတုန့်အလှည့်၊ အပြန်အလှန်ရှိတဲ့၊ Me နဲ့ We အကြားက Harmonic culture တမျိုးကို ဖော်ထုတ်ပေးခဲ့တဲ့ နေရာဌာနတခု ဖြစ်ပါတယ်။
ဒီလို နေရာဌာနမျိုးရဲ့ လမ်းပြမှုနဲ့ လူဖြစ်ခဲ့ရတာ။ ဒီလို လူဖြစ်လာကြတဲ့ ခေတ်ပြိုင်လူပုဂ္ဂိုလ်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ သူငယ်ချင်း အပေါင်းအသင်းတွေကို ဒီ ၆၁ နှစ်မြောက် လွတ်လပ်ရေးနေ့ တွေ့ဆုံပွဲနဲ့ မိတ်ဆုံထမင်းစားပွဲမှာ ပြန်လည်ဆုံခွင့်ရတာဟာ၊ ကြီးမြတ်တဲ့ မင်္ဂလာတရားကြီးတပါးပဲလို့ ဆိုချင်ပါတယ်။ လူ့ဘ၀ လူ့အဖြစ်ကို နှုတ်ဆက်သွားကြပြီ ဖြစ်တဲ့ မင်းလှညွန်ကြူး (ကိုမောင်မောင်ညွန့်)၊ မင်းကျော် (ကိုကျော်ဆွေ)၊ မင်းမော် (ကိုထွန်းမြင့်)၊ မောင်ထွန်းသစ် (ကိုဘဆွေလေး)၊ မင်းနွယ် (ကိုသက်)၊ မြင့်မောင် (ကိုတင်ထွန်း)၊ စောအောင် (ကိုလှကြည်)၊ ရန်ကြီးအောင် (ကိုစိန်ဝင်း)၊ ဖေသန်း(ကိုညိုဝင်း)၊ ထွန်းထွန်း(ဆေးသိပ္ပံ) (ကိုမြင့်ထွန်းသိန်း) စတဲ့ သူတွေဟာ၊ ရန်ကုန်တက္ကကိုလ်ကလောင်အသင်းက ထုတ်တဲ့ "ပုလဲပန်းမဂ္ဂဇင်း" ၊ ရန်ကုန်တက္ကသိုလ်နှစ်လည်မဂ္ဂဇင်း၊ အိုးဝေမဂ္ဂဇင်းနဲ့ အိုးဝေစာစောင် စတဲ့ မဂ္ဂဇင်းနဲ့ ဂျာနယ်အမျိုးမျိုးကတဆင့် ရန်ကုန်တက္ကသိုလ်နဲ့ ပြင်ပစာနယ်ဇင်းလောကမှာပါ စာပေတာဝန်ကို တစုံတရာ ထမ်းဆောင်ခဲ့ကြတဲ့ မျိုးဆက်သစ်များဖြစ်တယ်။ ဒီကနေ့လို စာပေနဲ့ အနုပညာလုပ်ငန်းနယ်ပယ်က မျိုးဆက်သုံးဆက် တွေ့ဆုံတဲ့ ပွဲမှာ သူတို့ကို တွေ့ချင်မြင်ချင်တဲ့စိတ်၊ လွမ်းတဲ့စိတ်တွေ နက်နက်ရှိုင်းရှိုင်း ဖြစ်ပေါ်ခဲ့မိပါတယ်။ လူပုဂ္ဂိုလ်တွေကို လွမ်းတဲ့စိတ်နဲ့အတူ၊ အဲဒီစဉ်က ခြောက်ဆယ်စုနှစ် ပတ်ဝန်းကျင်က၊ "ရန်ကုန်တက္ကသိုလ်ကျောင်းတိုက်ကြီး" နဲ့ ပတ်သက်နေတဲ့ လွမ်းမောဖွယ် အတိတ်ပုံရိပ်များဟာ၊ မိမိရဲ့ အာရုံဖန်သားပြင်ထက်မှာ၊ တဖျပ်ဖျပ် လင်းလက်လို့ နေခဲ့ပါတော့တယ်။

********** ********** **********

မိမိဟာ ၁၉၅၅-၅၆ ခုနှစ် ပညာသင်နှစ်မှာ ၁၀ တန်းအောင်မြင်ခဲ့ပါတယ်။ မိမိတို့ ဆယ်တန်းကျောင်းသား ဘ၀မှာ ဆယ်တန်းအောင်ဖို့ အင်မတန် ခက်ခဲပါတယ်။ ရန်ကုန်-မန္တလေးလို မြို့ကြီးပြကြီးများလောက်မှာသာ (ဒီကနေ့ "ကျူရှင်" လို့ လူသိများတဲ့ကျောင်းများ) "အလွတ်ပညာသင်ကျောင်း" များ ရှိပါတယ်။ တပြည်လုံးမှာ ၁၀ တန်းစာမေးပွဲအောင်နှုန်းဟာ ၂ - ၃% သာ ရှိပါတယ်။ ဆယ်တန်းဖြေတဲ့ ကျောင်းသား ၁၀၀၀ မှာ ၂၃ ယောက်ပဲ အောင်တယ်လို့ ဆိုရမှာပါ။ မိမိတို့မြို့က မိမိအပါအ၀င် ကျောင်းသား ၅ ယောက် တက္ကသိုလ် ဆက်တက်ခဲ့ကြ ပါတယ်။ မိမိတို့ခေတ်က ဒီကနေ့လို "Major ခေတ်" မဟုတ်ပါဘူး။ ဘာသာရပ်ဆိုင်ရာ ဆက်စပ်မှုရှိတဲ့ ဘာသာရပ် သုံးမျိုးနဲ့ အင်္ဂလိပ်ဘာသာ မယူမနေရ စနစ်ပါ။ ဥပမာ အရှေ့တိုင်းသမိုင်း၊ အနောက်တိုင်းသမိုင်း၊ နိုင်ငံရေးသိပ္ပံသမိုင်း၊ သမိုင်း ၃ မျိုးနဲ့ အင်္ဂလိပ်ဘာသာ တွဲယူရတာမျိုး ဖြစ်ပါတယ်။ အမှတ်ကန့်သတ်ချက်နဲ့ ဘာသာရပ်ခွဲခြား သင်ယူရတာမျိုး မရှိသေးပါ။ ၁၀ တန်းအောင်လာရင် ကြိုက်တဲ့ "လိုင်း" ကို ယူလို့ ရပါတယ်။ ငွေကြေးတတ်နိုင်သူ၊ English ကောင်းသူ "မျက်စေ့ပွင့်" သူများက ဆေးနဲ့ အင်္ဂျင်နီယာ ဘာသာများ သင်ယူကြ ပါတယ်။ အများစုက (၄) နှစ်နဲ့ ဘွဲ့တခု ရဖို့သာ ရည်မှန်းပြီး၊ လွယ်ကူတဲ့ ဘာသာတွဲ Combination တခုခုကို ရွေးကြရပါတယ်။ မိမိက သမိုင်း ၃ မျိုးနဲ့ English ဘာသာတွဲ သင်ယူခဲ့ပါတယ်။
ရန်ကုန်တက္ကသိုလ်ဖွဲ့စည်းပုံဟာ၊ ဗြိတိန်က အောက်စဖို့ဒ်တက္ကသိုလ် ဖွဲ့စည်းပုံအတိုင်းပါပဲ။ တက္ကသိုလ် ကြီးတခုထဲမှာ ဘာသာရပ်တခုချင်း ဌာနခွဲတွေ ထားပြီး ဖွဲ့စည်းထားတာပါ။ ရန်ကုန်တက္ကသိုလ်ရဲ့ အုပ်ချုပ်မှုအောက်မှာ ထီးတန်း (၀ိဇ္ဇာဘာသာ)၊ ရန်ကင်း (သိပ္ပံဘာသာ)၊ ကောလိပ်များနဲ့ ဆေးသိပ္ပံမဟာဌာန (လမ်းမတော်)၊ အင်ဂျင်နီယာမဟာဌာန (ပြည်လမ်း/လိပ်ခုံး)၊ ပညာရေးမဟာဌာန (အခု ပညာရေးတက္ကသိုလ်) တို့ ရှိပါတယ်။ ဘွဲ့နှင်းသဘင်ရဲ့ ဘယ်ဘက်မှာ သိပ္ပံဘာသာစာသင်ခန်းနဲ့ တက္ကသိုလ်ရုံး ရှိပါတယ်။ ဂျပ်ဆင်ခန်းမ ဘက်မှာ ၀ိဖ္ဇာဘာသာတွဲ စာသင်ခန်းများ ရှိပါတယ်။ ထီးတန်းကောလိပ်နဲ့ ရန်ကင်းကောလိပ်မှာ (၂) နှစ် နေထိုင် စာသင်ရပါတယ်။ I.A; I.Sc အောင်ပြီးမှ Main ကို ပြောင်းရွှေ့ပြီး B.A; B.Sc ဆက်လက် သင်ယူရပါတယ်။ ပုံမှန် စာသင်နှစ် လေးနှစ် ရှိပါတယ်။ (၄) နှစ် စာသင်ပြီးရင်၊ ဘွဲ့တခုခု ရနိုင်ပါတယ်။ ထူးခြားတာက ဘယ်အတန်းမှာ ဖြစ်ဖြစ်၊ တနှစ်ကို မတ်လနဲ့ ဇွန်လ တို့မှာ စာမေးပွဲ (၂)ကြိမ် ဖြေဆိုခွင့် ရှိတာပါပဲ။ စာသင်နှစ် (၂) နှစ်၊ (၄) ကြိမ် စာမေးပွဲ ဖြေလို့ မအောင်ရင် (၃) ခါကျ (3 F) သတ်မှတ်ပြီး၊ ကျောင်းဆောင်နေခွင့် မပြုတော့ပါ။ ၁၉၆၀ ခုနှစ်လောက် ကတည်းက ဘွဲ့ရ အလုပ်လက်မဲ့ ပြဿနာက ရှိလာနေပါပြီ။
ရန်ကုန်တက္ကသိုလ်ကို ရန်ကုန်တက္ကသိုလ်ကောင်စီက အုပ်ချုပ်ပါတယ်။ တက္ကသိုလ်အဓိပတိက ၀န်ကြီးချုပ်ပါ။ ဒု- အဓိပတိက ပါမောက္ခချုပ်ဖြစ်ပါတယ်။ တက္ကသိုလ်ကောင်စီမှာ ဘာသာရပ်ဆိုင်ရာ ပါမောက္ခများ၊ ဌာနဆိုင်ရာ ၀န်ထမ်းအကြီးအကဲများ (ဥပမာ- တက္ကသိုလ် ပြုပြင်ထိန်းသိန်းရေး အင်ဂျင်နီယာဌာနမှူး၊ ကျောင်းဆောင်အရာရှိ) ပါလီမန်နှစ်ရပ်က ရွေးချယ်စေလွှတ်သူ ကိုယ်စားလှယ် (၂) ဦး၊ ကျောင်းသားကိုယ်စား လှယ် (၂) ဦး စသည်တို့ ပါဝင်ဖွဲ့စည်းထားပါတယ်။ ရန်ကုန်တက္ကသိုလ်နဲ့ ဆိုင်တဲ့ ပညာရေး၊ အုပ်ချုပ်ရေး၊ ၀န်ထမ်းရေးရာ၊ ကျောင်းသားရေးရာနဲ့ဆိုင်တဲ့ လုပ်ငန်းများအားလုံးကို တက္ကသိုလ်ကောင်စီက စီမံခန့်ခွဲပါတယ်။ ဆရာကြီးများဖြစ်ကြတဲ့ ဒေါက်တာသာလှ၊ ဒေါက်တာလှမြင့်နဲ့ ဒေါက်တာမောင်မောင်ခ တို့ဟာ၊ မိမိတို့ခေတ်က ပါမောက္ခချုပ်များ ဖြစ်ပါတယ်။
အဲဒီစဉ်က၊ ရန်ကုန်တက္ကသိုလ် ကျောင်းတိုက်ကြီးမှာ၊ အသင်းအဖွဲ့ပေါင်းစုံ ရှိပါတယ်။ ရန်ကုန်တက္ကသိုလ်ကြီးက ဆရာများအားလုံးကိုကိုယ်စားပြုထားတဲ့ (UTA) လို့ ခေါ်ကြတဲ့ ရန်ကုန်တက္ကသိုလ် ဆရာအသင်း ရှိပါတယ်။ ရန်ကုန်တက္ကသိုလ် ကျောင်းဆောင်ကော်မတီရဲ့ အုပ်ချုပ်မှုအောက်မှာ အဆောင် (၂၂) ဆောင် ရှိပါတယ်။ မိန်းကလေးဆောင် ငါးဆောင် ပါပါတယ်။ အဲဒီတုန်းက အဆောင်နေ ကျောင်းသူကျောင်းသား (၅၀၀၀) ကျော် ရှိပါတယ်။ တက္ကသိုလ်ကြီးတခုလုံးမှာ ကျောင်းသား(၁၅၀၀၀)ကျော် ရှိပါတယ်။ ကျောင်းဆောင် များမှာ Social and Reading Club လို့ ခေါ်တဲ့ "သဟာယနဲ့စာဖတ်အသင်း" များ ရှိပါတယ်။ S.R ရဲ့ E.C ကို ကျောင်းဖွင့်စ (ဇွန် ၁ ရက်နေ့) အဆောင်နေ ကျောင်းသားများ စုံလင်တဲ့အခါမှာ၊ အဆောင်သားထု အစည်း အဝေးက ရွေးကောက်တင်မြှောက်ရပါတယ်။ အဆောင်တဆောင်မှာ ရှိတဲ့ အဆောင်သားများရဲ့ သာရေး၊ နာရေး များကို တာဝန်ခံ ဆောင်ရွက်ပေးတဲ့ အသင်းပါ။ ၁၉၆၀-၆၁ ပညာသင်နှစ်မှာ "သဟာယနှင့် စာဖတ်အသင်းများ " အဖွဲ့ချုပ်ကို ဖွဲ့စည်းခဲ့ကြပါတယ်။ ဒီ S & R အဖွဲ့အစည်းများဟာ၊ ဗြိတိသျှအစိုးရလက်ထက်မှာ ကတည်းက ရှိခဲ့တာပါ။ ၁၉၂၈-၂၉ လောက်က တကောင်း၊ ပြည်၊ ပုဂံ၊ ကျောင်းဆောင်များ၊ ၁၉၃၀-၃၁ လောက်မှာ central hall လို့ ခေါ်ကြတဲ့ သထုံ၊ ပဲခူး၊ ပင်းယ၊ စစ်ကိုင်း၊ အင်းဝဆောင်တို့ကို ဆောက်လုပ်ခဲ့ကြတယ်လို့ မှတ်တမ်းများမှာ ဖော်ပြပါတယ်။ အဆောင်နာမည်တွေကတော့ မြန်မာ့သမိုင်းမှာ ထင်ရှားတဲ့ "မင်းနေမြို့တော်" များရဲ့ နာမည်များကို ဆက်ခံထားတာလို့ ဆိုပါတယ်။ New hall လို့ခေါ်တဲ့ မန္တလေး၊ အမရ၊ ရာမည၊ တောင်ငူနဲ့ မိန်းကလေးဆောင်များ ဖြစ်တဲ့ မာလာ၊ ရတနာနဲ့ အင်းလျားဆောင် တို့ကတော့၊ လွတ်လပ်ရေးခေတ်ဦးမှာ တည်ဆောက်ခဲ့တာလို့ ဆိုပါတယ်။ ယဉ်ကျေးမှုထိန်းသိမ်းရေး၊ ကျောင်းသားချင်း ချစ်ခင်ရင်းနှီးရေးအတွက် ဟောပြောပွဲများ၊ ဘာသာရေးနဲ့ ယဉ်းကျေးမှု အထိန်းအမှတ်ပွဲများ၊ မိတ်ဆုံပွဲများ၊ ဟောပြောပွဲများ ကျင်းပပေးခဲ့ကြပါတယ်။
အမျိုးသားယဉ်ကျေးမှု မြှင့်တင်ရေးနဲ့ ထိန်းသိမ်းရေးအတွက် ဆို၊ က၊ ရေး၊ တီး လုပ်ငန်းအမျိုးမျိုးကို ခေါင်းခံဆောင်ရွက်နေတဲ့ "ရန်ကုန်တက္ကသိုလ် အနုပညာအသင်းကြီး" ရှိပါတယ်။ ရန်ကုန်တက္ကသိုလ် ကျောင်းသားများရဲ့ ဘာသာတရားကိုးကွယ် ယုံကြည်မှုနဲ့ အကျင့်ဓလေ့ကို ထိန်းသိမ်းစောင့်ရှောက်ပေးနေတဲ့ ရန်ကုန်တက္ကသိုလ် ဗုဒ္ဓဘာသာအသင်းကြီး ရှိပါတယ်။ ရန်ကုန်တက္ကသိုလ် အားကစားကော်မတီရဲ့ ကြီးကြပ်လေ့ကျင့်မှု အောက်မှာ အားကစားအဖွဲ့အစည်းပေါင်းစုံ ရှိပါတယ်။ ကာယအလှပြပွဲ၊ တက္ကသိုလ် မောင်မယ်ရွေးပွဲတွေ ရှိခဲ့ပါတယ်။ ကြက်တောင်၊ ရေကူး နဲ့ ဘောလုံးတို့မှာ အမျိုးသား လက်ရွေးစင်များ ထွက်ပေါ်ခဲ့ပါတယ်။ (၂) နှစ်တကြိမ် ကျင်းပတဲ့ တက္ကသိုလ်နဲ့ ကောလိပ်ပေါင်းစုံ အားကစား ပြိုင်ပွဲများလည်း ကျင်းပလေ့ ရှိပါတယ်။ ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေကို "ရင်ဖွင့်ခွင့်ပေးနေတဲ့" ရန်ကုန်တက္ကသိုလ် ကလောင်အသင်း ရှိပါတယ်။ ပုလဲပန်းမဂ္ဂဇင်း၊ နှစ်လည်မဂ္ဂဇင်း၊ အိုးဝေမဂ္ဂဇင်းနဲ့ အိုးဝေစာစောင် ရှိပါတယ်။ စာပေအနုပညာနဲ့ ပညာရပ်ဆိုင်ရာဟောပြေပွဲများ၊ ဆွေးနွေးပွဲများ၊ စာတမ်းဖတ်ပွဲများ ရှိပါတယ်။ ကျောင်းသားတွေရဲ့ နားမျက်စေ့ကို နေ့စဉ်ဖွင့်ပေးနေတဲ့ ရန်ကုန်တက္ကသိုလ် သတင်းထောက်အသင်း ရှိပါတယ်။ "သတင်းစာဆရာမောင်ဝံသ" ဆိုတာ၊ ဒီ "စင်မြင့်" ကနေ လာတာပါ။ မင်းလှညွန့်ကြူး၊ တက္ကသိုလ်မင်းမော်၊ မင်းကျော်၊ မောင်ဆွေတင့်၊ သိန်းသန်းထွန်း၊ မေနှင်း၊ ကြူကြူသင်း၊ မလွမ်းမူ၊ တက္ကသိုလ်ပွင့်ဦး၊ နွယ်(စစ်တွေ) ဆိုတာတွေဟာ ရန်ကုန်တက္ကသိုလ် စာပေစင်မြင့်များက ပေါ်ထွက်လာကြတာပါ။ (ဒါဟာ အလွမ်းပြေရုံ မှတ်မိသမျှ ဖောပြရတာပါ)။ (ဒီစာရေးတဲ့သူဟာ ၁၉၆၀-၆၁ စာသင်နှစ်မှာ ထုတ်ဝေတဲ့ အိုးဝေမဂ္ဂဇင်းကော်မတီရဲ့ တာဝန်ခံအယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သူပါ။ ဒီနေရာမှာ မှတ်မိတာလေးတခုကို ဖော်ပြချင်ပါတယ်။ ၁၉၃၅-၃၆ ခုနှစ်မှာ၊ ပထမဆုံးထုတ်ခဲ့တဲ့ "အိုးဝေမဂ္ဂဇင်း"တာဝန်ခံအယ်ဒီတာက ကိုအောင်ဆန်း (ဗိုလ်ချုပ်အောင်ဆန်း)ပါ။ စာရေးသူ တာဝန်ခံ ထုတ်ဝေခဲ့တဲ့ "အိုးဝေမဂ္ဂဇင်း" ကတော့ "နောက်ဆုံး" ထုတ်ခဲ့၊ ထွက်ခဲ့တဲ့ မဂ္ဂဇင်းလို့ ဆိုရမှာပါပဲ) ဒီမဂ္ဂဇင်းရဲ့ အဖုံးသရုပ်ဖော်ပုံကို ဆရာကြီးဦးဘရင်ကလေး (ပန်းချီမောင်ညိုဝင်းရဲ့ ဖခင်ကြီး)က (မေတ္တာနဲ့) ရေးဆွဲပေးခဲ့တာပါ။ အဲဒီစဉ်က ခရိုင်နဲ့ မြို့နယ်အလိုက် အသင်းများလည်း "ကျောင်း" မှာ ရှိပါတယ်။ အဲဒီအထဲက တချို့က မဂ္ဂဇင်းများ ထုတ်ဝေခဲ့ကြပါတယ်။ ခရိုင်မြို့နယ်အသင်းများကလည်း သက်ဆိုင်ရာ ခရိုင်မြို့နယ်ဒေသက ကျောင်းသားများရဲ့ သာရေးနာရေးမျိုးစုံကို ဖြေရှင်းစောင့်ရှောက် ကူညီခဲ့ကြပါတယ်။
တက္ကသိုလ်နဲ့ ကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲနဲ့ ကျောင်းသားပွဲတော်ကို တနှစ်ခြား ကျင်းပခဲ့ကြ ပါတယ်။ ပွဲတော်ကျင်းပရေးကော်မတီ ဖွဲ့စည်းပြီး ကျင်းပခဲ့ကြတာပါ။ ပွဲတော်ရဲ့ ရည်ရွယ်ချက်များက၊ ကျောင်းသားချင်း ချစ်ခင်ရင်းနှီးရေး၊ အမျိုးသားယဉ်ကျေးမှုထိန်းသိမ်းရေး၊ ငြိမ်းချမ်းရေး ဖြစ်ပါတယ်။ ကျောင်းဆောင်တိုင်း၊ ကျောင်းမှာရှိတဲ့ လူမျိုးစုများ၊ ခရိုင်မြို့နယ်အသင်းများ၊ ၀ါသနာရှင်အစုများက တင်ဆက်တဲ့၊ ပွဲတော်ရဲ့ ရည်ရွယ်ချက်ကို ကိုယ်စားပြုတဲ့ ဘယ်လိုပုံစံနဲ့ တင်ဆက်မှုမျိုးကိုမဆို လက်ခံတင်ဆက်ခွင့်ပြုပါတယ်။ ယဉ်ကျေးမှုသရုပ်ဖော်များ၊ မြန်မာအကအမျိုးမျိုး၊ အိုးစည်ဒိုးပတ်တင်ဆက်မှုများ၊ တေးသရုပ်ဖော်များ၊ ပွဲတော်ကော်မတီက တင်ဆက်တဲ့ ပြဇာတ်များ၊ ငြိမ်းချမ်းရေးသရုပ်ဖော် ဘဲလေးစတဲ့ ပြကွက်အမျိုးမျိုးကို တင်ဆက်ခဲ့ပါတယ်။ 'ကပွဲဇာတ်ရုံ' ကို ဂျပ်ဆင်ခန်းမရှေ့ မြက်ခင်းမှာ (သို့မဟုတ်) တက္ကသိုလ်စာကြည့်တိုက် ရှေ့က မြက်ခင်းပြင်မှာ ဆောက်လုပ်ကပြ ခဲ့ကြတာပါ။ မြန်မာဆိုင်းကို ရွှေမန်းတင်မောင်နဲ့ စိန်မဟာသဘင် ဇာတ်ကြီးများက အသုံးပြု ခွင့်ပေးပါတယ်။ ခေတ်ပေါ်တီးဝိုင်းကတော့၊ ရုပ်ရှင်မင်းသားကြီး မြတ်လေးနဲ့ စန္ဒယားချစ်ဆွေတို့ ခေါင်းဆောင်တဲ့ "ကေသီပန်" တူရိယာအဖွဲ့က "လိုအပ်သမျှအရာအားလုံး" ကို ဆောင်ရွက်ပေး ကြပါတယ်။ ဟိုစဉ်က နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်န၀ါရီလများ ရောက်လာပြီဆိုရင် အဆောင်တိုင်းက "နှုတ်ဆက်ညစာစားပွဲကြီး" များ ခမ်းခမ်းနားနား ကျင်းပခဲ့ကြပါတယ်။ အဲဒီပွဲများဟာ "ကေသီပန်အဖွဲ့" မပါရင် ပွဲမမြောက်သလောက်ပါပဲ။
၁၉၅၆ စတုတ္ထအကြိမ်မြောက် ကျောင်းသားပွဲတော်ရဲ့ Hot Item က "ညီမလေးမာလာ" အရိပ်ပြ ပြဇာတ် (Shadow Play) ပါပဲ။ "ညီမလေးမာလာ" ရဲ့ Narrator က ကိုမြတ်လေးပါ။ "ညီမလေးမာလာပြဇာတ်" ရဲ့ "ဇာတ်သိမ်းသီချင်း" ကို သီဆိုပေးသူရဲ့ အပြောနဲ့ သရုပ်ဖော်တေး သီဆိုသူတို့ရဲ့ 'အသံ' ကြောင့်၊ စင်အောက်က ကျောင်းသူတွေ ငိုကြ၊ ကျောင်းသားတွေက 'တက်ခေါက်' မျက်ရည်ဝိုင်းကြပါတယ်။ "ဒါဟာ၊ ညီမလေးမာလာဟာ True Story လား" လို့ မေးခဲ့ကြပါတယ်။ ပဉ္စမအကြိမ် ကျောင်းသားပွဲတော်ရဲ့ Hot Item ကတော့၊ ဒါရိုက်တာနဲ့ ရုပ်ရှင်သရုပ်ဆောင်ဖြစ်တဲ့ မင်းသားကြီး မြတ်လေး စီစဉ်ညွှန်ကြားတဲ့ "ဆံမြိတ်လဲပြေ၊ ပန်းလဲကြွေ" ပြဇာတ်ပါ။ "အနောက်ယဉ်ကျေးမှုနောက် ကောက်ကောက်ပါသွားခဲ့တဲ့၊ အထက်လွှာပေါက် ကျောင်းသူတဦးရဲ့ဘ၀ ကတိမ်းကပါး ဖြစ်ရပုံ" ကို တင်ဆက်ထားတာပါ။ ကျောင်းသားပွဲတော်ရဲ့ မြင်ကွင်းများဟာ၊ ရောင်စုံပန်းတဆုပ်ကို ဖြန့်ကြဲထုတ်လိုက်သလို တဖြိုးဖြိုးတဖျပ်ဖျပ် လင်းလက်နေပါတော့တယ်။
ဆောင်းရာသီဝင်လာတာနဲ့ တပြိုင်နက် ကျောင်းမှာရှိကြတဲ့ အသင်းအဖွဲ့ပေါင်းစုံတို့ဟာ၊ ပညာသင်နှစ် တနှစ်ရဲ့ နောက်ဆုံးရက်များကို ဖြတ်သန်းဖို့၊ နှုတ်ဆက်ပွဲများ စီစဉ်ဖို့ ပျားပန်းခတ် လှုပ်ရှားလာကြပါတော့တယ်။ အဆောင်များက နှုတ်ဆက်ညစာစားပွဲများ ခင်းကျင်းဖို့၊ အကျွေးအမွေးများ စီမံစဉ်းစားကြ၊ ခေတ်ပေါ်တေးဂီတ အဖွဲ့ တဖွဲ့ ရက်ချိန်းရဖို့၊ နာမည်ကြီးတဲ့ အငြိမ့်အဖွဲ့ တဖွဲ့ ရက်ချိန်းရဖို့၊ ပြေးကြလွှားကြ ရပါတယ်။ အဲဒီစဉ်က ကျောင်းသားများ အာရုံကျတဲ့ ကျား, မ အဆိုတော်များကို အလုအယက် ဖိတ်ကြားကြရပါတယ်။ အဆိုတော်ကိုသန်းလှိုင်၊ သန်းဖေလေး၊ ကိုမြကြီး၊ ကိုမိုးဝေ၊ ကိုမောင်မောင်ကြီး၊ ကိုခင်မောင်လွင်၊ စန္ဒယားချစ်ဆွေ၊ ကိုမင်းနောင်၊ ရီလေး၊ နွဲ့လေး၊ သဇင်ကြူ၊ မာမာအေး၊ ချိုပြုံး စတဲ့ အဆိုတော်များဟာ၊ အဲဒီစဉ်က ကျောင်းသူကျောင်းသားများ စွဲလန်းချစ်ခင်ကြတဲ့ အဆိုတော်များ ဖြစ်ပါတယ်။ သူတို့ဟာ ကျောင်းက ကျင်းပပြုလုပ်တဲ့ အခမ်းအနားများကို တက်ရောက်လာကြတဲ့အခါ "ငွေကြေးတစုံတရာ မယူကြပါဘူး။ ဒါကြောင့် ဖိတ်ကြတဲ့ အဖွဲ့အစည်းများက၊ ထိုက်တန်တဲ့ လက်ဆောင်ပစ္စည်းတမျိုးမျိုး ပေးကြရပါတယ်။"
ကိုမြတ်လေးရဲ့ "မစ္စ၀ီစကီ"၊ စန္ဒယားချစ်ဆွေရဲ့ "ပင်လုံထိပ်ထားဦး"၊ ကိုမောင်မောင်ကြီးရဲ့ "အမိုက်မလေးငှက်ငယ်"၊ ကိုခင်မောင်လွင်ရဲ့ "ဆောင်းဘုရင်မလေးနှင်း"၊ ကိုသန်းလှိုင်ရဲ့ "ဥဿာလှိုင်ထိပ်ထား" ကိုမြကြီးရဲ့ "မခင်နှင်းဆီ" (သီချင်းတွဲများ)၊ ကိုမင်းနောင်ရဲ့ "မောင်းမကန်ကေသီဦး"၊ သန်းဖေလေးရဲ့ "အပေါင်းသင်္ချာမင်းသမီးလေး"၊ ချိုပြုံးရဲ့ "ပန်းပိတောက်တို့ ကြွေရာမြေ" စတဲ့ ခေတ်ပေါ်တေးများ (အနှစ်၂၀ တေးများ ဖြစ်ခဲ့ကြပြီ) ဟာ အဲဒီစဉ်က "တက္ကသိုလ်ကျောင်းတိုက်ကြီး" ရဲ့ လွမ်းမောဖွယ် ပုံရိပ်များကို ကနေ့အထိ သယ်ဆောင်ပေးနေကြဆဲပါ။
နွေကြွေရွက်များကို တွေ့ရရင်၊ ဥသြတွန်သံတွေကို ကြားရရင်၊ ကံ့ကော်တွေ၊ ငုတွေ၊ ပိတောက်တွေ၊ နွေဦးရဲ့ လက်ပံတွေ၊ မိုးဦးရဲ့ စိန်ပန်းနီနီတွေ၊ ဇွန်မိုးပိတောက်တွေကို မြင်ရရင်၊ အလွမ်းတွေ၊ အပျော်တွေ၊ အချစ်တွေ၊ အမုန်းတွေ၊ အကြင်နာတွေ၊ ဆုံးရှုံးမှုတွေ၊ မျှော်လင့်ခြင်းတွေကို "ဒီနေရာက ပေးခဲ့ပြီ၊ ဒီနေရာက မွေးခဲ့ပြီ" လို့ တမ်းတရဆဲ၊ ခံစားရဆဲ၊ လွမ်းမောရဆဲ၊ အတိတ်ရက်စွဲတွေ။

ဥာဏ်မောင်ချစ်
(၂၀-၁၂-၂၀၀၈)
{စတိုင်သစ်မဂ္ဂဇင်းမှ ကူးယူဖော်ပြပါတယ်။}

အပြည့်အစုံ..သို့ ...>>>

ရွှေမန်းအာဇာနည် (၁၇) ဦး
ရေးသူ- ရွှေကိုင်းသား


တပို့တွဲလဆုတ် (၇) ရက်၊ ဤနေ့သည်ကား လွတ်လပ်ရေးအတွက် နယ်ချဲ့သမား၏ လက်ပါးစေများ လက်ချက်ဖြင့် သွေးမြေကျကာ အသက်ပေးသွားကြသော ရွှေမန်းအာဇာနည် (၁၇) ဦးတို့၏ တဆယ့်နှစ် နှစ်မြောက် နေ့ပေတည်း။
အချိန်ကား ဗမာ့နိုင်ငံရေးရာဇ၀င်တွင် လှုပ်ရှားထကြွဆုံး အချိန်ဟု ဆိုရမည့် ၁၃၀၀ ပြည့်နှစ်ခါဖြစ်၍ အရေးတော်ပုံများ တခုပြီးတခု ဆက်ခါ ဆက်ခါ ပေါ်ပေါက်ပြီး၊ ရန်ကုန်တွင် ကျောင်းသူကျောင်းသားပေါင်း (၂၀၀) ကျော် ဒဏ်ရာရ၍ ကိုအောင်ကျော် သေဆုံးရသည့် အခြေသို့ပင် တိုင်ခဲ့လေသည်။
ဤနိုင်ငံရေးဂယက်သည် မန္တလေးမြို့ကြီးသို့လည်း လာ၍ ထိခိုက်လေရကား၊ အတော်အတန် အေးချမ်း ငြိမ်သက်လျက် ရှိနေသော မန္တလေးမြို့ကြီးမှာလည်း ဓာတ်စက်ရုံ ဓာတ်ရထားနှင့် အင်္ဂလိပ်အလုပ်တိုက်များကို ပိတ်၍ ဘူတာရုံနှင့် ဂတ် စသည်များကို အစောင့်စစ်တပ်များ ချထားပြီး နန်းတော်ကြီးအတွင်းသို့ မြန်မာများ မ၀င်စေရဟူသော စီမံချက်တို့ကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်နေပေသည်။


ဤအတွင်း တပို့တွဲလဆုတ် (၆)ရက်နေ့က အိမ်တော်ရာ ၁၄ခန်း ဇရပ်ကြီးတွင် ရဟန်းပျိုအဖွဲ့ချုပ်ဥက္ကဌ ဆရာတော်ဦးကလျာဏက သဘာပတိအဖြစ်၊ အမျိုးသားကျောင်းဆရာ ဦးထွန်းမောင်က အကျိုးဆောင်အဖြစ် ဆောင်ရွက်၍ ကျောင်းသားမိဘများနှင့် မြို့လုံးကျွတ်အစည်းအဝေးကြီး ကျင်းပရာ ရဟန်းရှင်လူ နှစ်သောင်းကျော် တက်ရောက်ကြပေသည်။
ထိုအစည်းအဝေးကြီးက (၁) ဘာသာရေးကိစ္စ (၂) ကျောင်းသားလွှတ်တော်ကို ထောက်ခံခြင်း (၃) အုပ်ချုပ်ရေးတိုက်ဖျက်ရန် (၄) မြန်မာဖြစ် အားပေးရန်နှင့် (၅) ဤမြို့လုံးကျွတ်အစည်းအဝေးကြီး အပြီးတွင် စည်းကမ်းသေ၀ပ်စွာ လမ်းလျှောက်ကြရန် အဆိုများတင်သွင်းပြီး၊ ထောက်ခံဆုံးဖြတ်ချက်များ ချမှတ်ခဲ့လေသည်။ အဆိုတရပ်ဖြစ်သော စီတန်းလမ်းလျှောက်ရန်မှာ အချိန်မရတော့သဖြင့် နောက်တနေ့ (တပို့တွဲလဆုတ် (၇) ရက်နေ့) (၁၁) နာရီ အချိန်သို့ ရွှေ့ ဆိုင်းလိုက်ရပေရာ၊ ဤဆုံးဖြတ်ချက်သည် အာဇာနည် (၁၇)ဦးတို့အတွက် သေနေ့ကို ကန့်သတ်ပေးဘိသကဲ့သို့ ဖြစ်နေသည်ကို နောက်မှ သိရပေတော့သည်။
၁၃၀၀- ပြည့် တပို့တွဲလဆုတ် (၇)ရက် (၁၁-၂-၃၉) နေ့တွင်ကား မြန်မာနိုင်ငံလုံးဆိုင်ရာ သမဂ္ဂ ကျောင်းသားများ၏ လွှတ်တော်မှ ဒီဇင်ဘာ (၃၁) ရက်နေ့က ပြဌာန်းချမှတ်ခဲ့ပြီး ဖြစ်သည့် ဆုံးဖြတ်ချက်များကို အိမ်တော်ရာ အစည်းအဝေးကြီးက ထောက်ခံဆုံးဖြတ်ချက်အရ လက်နက်မပါ စည်းကမ်းသေ၀ပ်စွာ စီတန်းလမ်းလျှောက်ကြရန် အိမ်တော်ရာဘုရားအတွင်းသို့ အဖွဲ့အသင်း အသီးသီးတို့သည် ခပ်စောစောအချိန် ကပင် ရောက်ရှိလာကြရာ ထိုရောက်ရှိလာကြသော ပရိသတ် နှစ်သိန်းကျော်တို့ကို ရဟန်းတော်များက ရှေ့ဆောင်ပြီး (၂၆) ဘီလမ်းအတိုင်း၊ ချီတက်ခဲ့ကြပေသည်။
စီတန်းလမ်းလျှောက်လာသူတို့၏ တပ်ဦးသည် ၂၆ ဘီလမ်း၊ ကြေးနန်းရုံးပေါက်သို့ ရောက်သောအခါ ကျုံးထိပ်ရှိ စစ်တပ်နှင့်ပုလိပ်တို့ကို ရင်ဆိုင်မိတော့သည်။ ပုလိပ်များ ထက်၌ အရေးပိုင် မစ္စတာလက်၊ ရာဇတ်ကြီး မစ္စတာရိန်းနှင့် လက်အောက် အင်စပက်တော် ရာဇ၀တ်များ ပါရှိ၍ ပုလိပ်များနောက်မှ လက်နက်ကိုင် ဘားမားရိုင်ဖယ်စစ်သားများ အသင့်ရှိနေကြပေသည်။
အချိန်ကား နေ့ခင်း နာရီအချိန်ခန့်၊ ထိုအခါ အရေးပိုင်သည် ရှေ့မတိုးနှင့် ပြန်ကြဟု စုံထောက်မစ္စတာ ဒေးဗစ်အား (၃) ကြိမ် ပြောစေ၏။ ရှေ့ဆုံးမှ ဗိုလ်အဖြစ် လိုက်ပါလာသော ရဟန်းတော်များက ကျုပ်တို့မှာ လက်နက် ဘာမျှမပါ we are armless ဟု အချို့ ရဟန်းတော် (၂)ပါးက အော်ပြောသေး၏။ အရေးပိုင်က သေနတ်နှင့် ပစ်မည်ဟု ပြောပြန်၏။ ထိုအခါ ရဟန်းတော်များက ငါတို့ ရှေ့သို့မတိုး၊ ဥက္ကဌအမိန့်ကို ဤနေရာမှ ရပ်၍ စောင့်နေသည်ဟု ပြန်ပြောကြသည်။ ဥက္ကဌမှာ ထိုအချိန်က အိမ်တော်ရာမှာ ရှိနေသေးသည်။
သို့နှင့်ပင် အရေးပိုင်မှာ နောက်သို့ပြန်လှည့်သွားပြီး ရှေ့တန်းရှိပုလိပ်များကို ရုပ်သိမ်းလိုက်၍ ဘားမားရိုင်ဖယ် စစ်သားများကို ရှေ့သို့ တိုးစေခဲ့ပြီးလျှင် စစ်ခရာသံ (၂)ချက်မှုတ်၍ အချက်ပေးလိုက်ခြင်းအားဖြင့် အသနား အညှာတာ ကင်းမဲ့လှစွာသော စစ်သားများ၏ သေနတ်ပြောင်းဝများမှ ကျည်ဆံများသည် တပြိုင်တည်းလိုလို ထွက်ပေါ်လာပြီးလျှင် စည်းကမ်းသေ၀ပ်စွာနှင့် ရပ်တန့်၍ ဥက္ကဌအမိန့်ကို စောင့်မျှော်လျှက် ရှိကြသော ရှေ့တန်းမှ ရဟန်းတော် (၆) ပါးတို့ကို နေရာတွင် ခွေကြသွားစေတော့သည်။
ရှေ့ဆုံးမှ (၂) ပါးတတွဲ၊ အလယ်မှ (၂) တတွဲနှင့် နောက်ဆုံးမှ တပါးစီ လဲနေကြကြောင်း၊ ထိုအခါက အလယ်က ကိုယ်တော်နှစ်ပါး၏ နေရာ၌ အလံမှာ မလဲကျဘဲ မတ်မတ်ကြီး ထူထားသော ဟူ၏။ တကယ့်အာဇာနည်ပါပေ။
လက်နက်ကိုင်တို့ကား ထိုမျှနှင့် မရပ်ကြသေးဘဲ ၂၆ ဘီလမ်းတလျှောက် ချီတက်လာကြပြီးလျှင်၊ ရိုးကုမ္ပဏီတိုက် အနီးထိ လိုက်လံပစ်ခတ်ကြသောကြောင့် ဗိုလ် (၁၇) ဦး ကျဆုံးပြီး အများအပြား ဒဏ်ရာရရှိကြ လေသည်။
အာဇာနည် (၁၇) ဦးတို့၏ ဈာပနကိစ္စကိုကား တပို့တွဲ လကွယ်နေ့တွင် မြို့နယ်နှင့်ချီ၍ တခမ်းတနား သင်္ဂြိုဟ်ချီးမြှင့် လိုက်ကြရသော်လည်း မြို့သူမြိုသားတို့၏ စိတ်တွင်ကား တွေးလေတွေးလေ ဆွေးမပြေအောင် ဖြစ်ရဘိ၍ ထိုအကြောင်းကို မမေ့နိုင်အောင် ရှိလေတော့သည်။
ဤမန္တလေး အရေးတော်ပုံတွင် အကြမ်းစစ်ပွဲ၊ အနုစစ်ပွဲ ယှဉ်တွဲပြိုင်ဆိုင်၍ သူနိုင် ငါနိုင် အချက်ပိုင်ပိုင် နှစ်ဦးရင်ဆိုင်တိုက်ခိုက်ကြရာတွင် သူတို့သည် အကြမ်းနည်းဖြင့် အောင်မြင်ကြကုန်၍ ငါတို့လည်း အနုနည်းဖြင့် သူတို့ကို အပြတ်အသတ် နလံမထူ အလံမပြူနိုင်အောင် ပြုလိုက်ကြကုန်၏ ဟူ၍ ရဟန်းပျိုများ၏ အဖွဲ့ချုပ်ကြီး ဥက္ကဌဆရာတော် ဦးကလျာဏ အမိန့်ရှိသကဲ့သို့ ကမ္ဘာတွင် ယဉ်ကျေးပါသည်ဟု အသားယူနေကြသော ဗြိတိသျှအစိုးရတို့ကို ရွှေမန်းလူထုကြီးက အနုနည်းဖြင့် အနိုင်ယူလိုက်နိုင်ပေသည်။
အာဇာနည် (၁၇) တို့၏ ချီးကျူးပွဲကို ၁၃၀၉ - ခု၊ တပေါင်းလဆုတ် (၇) ရက် (၁-၂- ၄၈) နေ့က (၁၁) ကြိမ်မြောက်နှင့် နောက်ဆုံးချီးကျူးပွဲတရပ်အနေဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြီးစီးခဲ့လေပြီ။ ဤဘက်နှစ် များတွင်ကား နိုင်ငံတော်အစိုးရက အသိအမှတ်ပြုသည့်အတိုင်း လာမည့် မတ်လ (၂၈) ရက်နေ့ ရောက်မှသာ နိုင်ငံတော်၏ အာဇာနည်နေ့အဖြစ်ဖြင့် တပေါင်းတည်း ပြုလုပ်ရပေတော့မည်။

ရွှေကိုင်းသား။
(ရွှေမန်းအောင်စည်သတင်းစာ၊ ၁၃၁၁ ခု၊ တပို့တွဲလဆုတ် ၇ ရက် မှ)
[မန္တလေးအနှစ်၁၅၀ပြည့် မဂ္ဂဇင်း၊ မေလ၊ ၂၀၀၉ မှ ကူးယူဖော်ပြပါသည်။

အပြည့်အစုံ..သို့ ...>>>

ရာပြည့်ခေတ်မန္တလေး၊ ကျွန်တော်တို့မန္တလေး၊ မြန်မာတို့ရဲ့မန္တလေး
ရေးသူ- လူထုစိန်ဝင်း


မန္တလေးမြို့တည် နန်းတည် နှစ် (၁၅၀) အထိမ်းအမှတ် အခမ်းအနားများ ပြုလုပ်ဖို့ စိုင်းပြင်းနေကြတာ တွေကို ကြားရ ဖတ်ရတော့ ကောလိပ်ကျောင်းသား ပေါက်စဘ၀နဲ့ ကြုံခဲ့ရ၊ ပါဝင်ဆင်နွှဲခဲ့ရတဲ့ 'မန်းရာပြည့်ပွဲတော်ကြီး' ကို ပြေးပြီး သတိရလိုက်မိတယ်။ ဘာလိုလိုနဲ့ နှစ်ပေါင်း (၅၀) တောင် ကြာခဲ့ပါပကော လား။ တွေးကြည့်လိုက်တော့ မနေ့တနေ့ကလိုပဲ အောက်မေ့နေသေးတယ်။ သက်ကြီးရွယ်အိုများဆိုတာ ပစ္စုပ္ပန်မှာ လှုပ်ရှားသက်ဝင်မှု မရှိသလို၊ အနာဂတ်ဆိုတာလည်း ကိုယ်နဲ့ မဆိုင်တော့ဘူး။ နောင်လာနောက်သား တွေအတွက် သက်သက်ပဲလို့ သဘောထားနေကြတာ ဖြစ်လေတော့ အတိတ်ကိုသာ တမ်းတမ်းတတ ဖြစ်တတ်ကြတာ သဘာဝပဲလေ။


ဗိုလ်ချဉ်ပေါင်ရဲ့မန္တလေး
ဒုက္ခိတဘ၀နဲ့ သွားသွားလာလာ မလုပ်နိုင်သူဆိုတော့ ပိုဆိုးတယ်ထင်တယ်။ မန္တလေးလို့ ဆိုလိုက်တာနဲ့ ဧရာမ အထပ်မြင့်တိုက်ကြီးတွေ၊ ရှော့ပင်းမောကြီးတွေ၊ နိုင်ငံခြားသားတွေသာ တတ်နိုင်တဲ့ ဟိုတယ်ကြီးတွေနဲ့၊ မျက်စိကျိန်းလောက်အောင် တဖိတ်ဖိတ်တလက်လက် တောက်ပနေတဲ့ ရွှေဆိုင်၊ စိန်ဆိုင်ကြီးတွေ ၀င့်ကြွား ထည်ဝါနေတဲ့ လက်ရှိ မန္တလေးကို မျက်စိထဲမှာ မမြင်ဘဲ၊ ရုပ်ရှင်ကြော်ငြာ ပိုစတာကပ်ထားတဲ့ ဆိုင်းဘုတ်ကို ထမ်းပြီး၊ လက်ကဆွဲလာတဲ့ မောင်းကို တဒူဒူထုရင်း "နာဂင်" ဆိုတဲ့ ကုလားကားကို "နာဂသူဇာ" ဇာတ်ကားကြီးလို့ တကြော်ကြော်အော်ပြီး ကြော်ငြာမောင်းခတ်တဲ့ မန္တလေး။ မြင်းလှည်းဘေး တဖက်တချက်မှာ "ယနေ့ ဗထူးကွင်း၊ မြို့မနဲ့တက္ကသိုလ်" ဆိုတဲ့ ဆိုင်းဘုတ်ချိတ်ပြီး ဘောလုံးပွဲသတင်း ကြေညာပေးတဲ့ မန္တလေး။
"အမေပြောတော့အမောပြေ၊ အီချင်ပြိတ်တော့ အိပ်ချင်ပြေ၊ အငေပြိုက်တော့ အငိုက်ပြေ" အစချီပြီး အဆုံးသတ်ကျတော့မှ၊ "တာဝတိံသာ သီးသီးသုတ်" လို့ အော်လေ့ရှိတဲ့၊ တာဝတိံသာ ဆိုရာမှာ ရိုးရိုးမဆိုဘဲ "တိံ" ဆိုတဲ့ နေရာရောက်တော့ လျှာလိပ်သံကို အရှည်ကြီး အသက်တရှိုက်ဆုံးတဲ့အထိ အော်ဆိုတတ်တဲ့၊ ၀ယ်သူရှိလို့ ခေါင်းပေါ်ရွက်လာတဲ့ ဇာတ်ရုံထဲက ဖျာတချပ်စာလောက် မကတဲ့ ကြွေရည်သုတ် ဇလုံအဖြူကြီးကို ချပြီး ရောင်းတဲ့အခါမှ ခါးကြားညှပ်ထားတဲ့ အလိပ် (၂၀) ၀င် ငါးသုံးလုံးစီးကရက် သံဘူးပြားထဲက စီးကရက်ထုတ် ထုတ်ပြီး သောက်တတ်တဲ့ သီးသီးသုတ်သည်ကြီးရှိတဲ့ မန္တလေး။ သူလိုပဲ အဲဒီခေတ် မန္တလေးရဲ့ ပြယုဂ် (symbol) တခုအဖြစ် ရှိနေတဲ့၊ ဘောင်းဘီရှည်အပြဲနဲ့ အင်္ကျီစုတ်ကြီးဝတ်၊ လက်ထဲက ပိန်ရှုံ့နေတဲ့ ဒန်ပန်းကန်ပြားကြီး တချပ်နဲ့ ကြွေရည်မရှိတော့တဲ့ မတ်ခွက်ကိုင်စွဲပြီး လက်ဖက်ရည်ဆိုင်တွေမှာ ပိုက်ဆံတမူးပေးပြီး လက်ဖက်ရည် ၀ယ်သောက်လေ့ရှိတဲ့၊ ကလေးတွေက စလိုက်တာနဲ့ ပါးစပ်က တဒိုင်းဒိုင်း အော်ရင်း လက်ထဲက ဒန်ပန်းကန်ပြားကြီးနဲ့ ကတ္တရာလမ်းမကို မနားတမ်း ရိုက်လေ့ရှိတဲ့ အရူးကြီး "ဗိုလ်ချဉ်ပေါင်" ရှိတဲ့ မန္တလေး။ ညဖက် စက်ဘီးနဲ့ လမ်းထွက်ရင် အဲဒီခေတ်က ကိုးဆယ်တရာမက ရှိတဲ့ အငြိမ့်နဲ့ ဇာတ်ဖွဲ့တွေကို မနည်းကြီး ရှောင်ကွင်း သွားရတဲ့ မန္တလေး။ နာရီစင်ကနေ ဈေးချိုတော်ဆုံးတဲ့ သံဖြူတန်းထိ အသွားလမ်း အပြန်လမ်း တဖက်တချက်စီမှာ ပဒေသာပင်တန်းတွေ လေးတန်းတောင် တန်းရတဲ့ ခြိမ့်ခြိမ့်သဲ ကထိန်ပွဲကြီးတွေ ကျင်းပလေ့ရှိတဲ့ မန္တလေး။ အဲဒီမန္တလေး၊ အနှီမန္တလေး၊ ဟိုတုန်းကမန္တလေးကိုပဲ ပြေးပြေး မြင်မိတယ်။

ဝါ၀ါဝင်းရဲ့မန္တလေး
အဲဒီလို မြင်မြင်နေတာကြောင့်ပဲ လွန်ခဲ့တဲ့ လေးငါးနှစ်က မန္တလေးရောက်သွားတော့ မန္တလေးသားတွေကို အားနာစရာကောင်းလှအောင် ဒုက္ခတွေ ပေးခဲ့မိတယ်။ ရောက်သွားတဲ့ အချိန်က တဆောင်မုန်းလကြီး ဆိုတော့ ငယ်ဘ၀ကို သတိရပြီး "ပွဲဈေးတန်းသွားချင်လိုက်တာ" လို့ အမှတ်မထင် ပြောလိုက်မိတယ်။ အဲဒီတော့ ဧည့်ဝတ်အင်မတန်ကျေကြတဲ့ မန္တလေးသား စာရေးဆရာများက ဟိုင်းလပ်ကားတစင်းအပြည့် လိုက်လာကြပြီး ပွဲဈေးတန်း လိုက်ရှာကြတယ်။ အံ့သြစရာလည်းကောင်း၊ ၀မ်းနည်းစရာလည်းကောင်းတဲ့ အချက်ကတော့ တန်ဆောင်မုန်းလ မန္တလေးရဲ့ ညမှာ မြို့လုံးပတ်လည် လိုက်ရှာတာတောင် ပွဲခင်းတခု၊ ပွဲဈေးတန်းတခု မတွေ့ရတာ ဖြစ်တယ်။ သီတင်းကျွတ်၊ တန်ဆောင်မုန်းဆိုတာက မန္တလေးနဲ့ အညာဒေသတခုလုံးရဲ့ ပွဲတော်ချိန်မဟုတ်လား။ ဘုရားပွဲ၊ ကထိန်ပွဲ တခုဖြစ်တာနဲ့ အငြိမ့်နှစ်ပွဲလောက်နဲ့ ဇာတ်ပွဲတခုကတော့ အနည်းဆုံး ပါကြတာ။ တချို့ ရပ်ကွက်များဆို လေးဖက်လေးတန်မှာ အငြိမ့်လေးခုလောက်ထည့်ပြီး ဇာတ်အပြင် ရုပ်သေးပွဲတောင် ပါတတ် သေးတာ။ အဲဒီတော့ ပွဲဈေးတန်းကြီးဆိုတာ ဟီးထနေတာပေါ့။ ချမ်းချမ်းစီးစီးနဲ့ ပါးစပ်ထဲကတောင် အငွေ့တထောင်းထောင်း ထွက်နေတဲ့ အချိန်မှာ "၀ါဝါ၀င်း အကြော်ဆိုင်" မှာ ထိုင်ပြီး၊ ချွေတာရေး မုန့်ပြားသလက် (ရေမုန့်) နဲ့ ဘူးသီးကြော်၊ ဘယာကြော်၊ ပဲစိမ်းကြော်တွေကို နံနံပင်တထွေးကြီးနဲ့ ရေနွေးပူပူ မှုတ်သောက်ရင်း စားရတဲ့ အရသာဟာ၊ ဘာနဲ့မှကို မလဲနိုင်တဲ့ အရသာမျိုးပါ။ ခုတော့ စိတ်မှန်းနဲ့ပဲ လွမ်းရတော့မှာပလေ။ ခေတ်တွေက ပြောင်းနေပြီကိုး။

ရာပြည့်ရဲ့မန္တလေး
ဟိုတုန်းက ရာပြည့်ပွဲတော်ကြီး ကျင်းပတော့ မန္တလေးတက္ကသိုလ်ရောက်စပဲ ရှိသေးတယ်။ မြူးထူး တက်ကြွပြီး ကဲလို့ကောင်းတုန်းပေါ့။ ကဲလို့ ကောင်းတုန်း ရွယ်တူတန်းတူ သူငယ်ချင်းတသိုက် စုပေါင်းပြီး ရာပြည့်ပွဲတော်ကြီးကို အမှတ်တရဖြစ်အောင် ပါဝင်ဆင်နွှဲကြတယ်။ အဲဒီနှစ် သင်္ကြန်ပွဲတော်မှာ သူငယ်ချင်းတစုက ဂျစ်ကားတစင်းရဲ့ရှေ့မှာ ရော့ခ်သီချင်း သီဆိုကခုန်နေတဲ့ မင်းသား (Pat Boone) ရဲ့ အမည်းရောင် ကောက်ကြောင်းပုံ နောက်ခံနဲ့ (Loving You) ဆိုတဲ့ စာတန်းရေးထားတဲ့ ဆန်ကောဝိုင်း ချိတ်ပြီး ရေပက်ခံထွက်ကြတယ်။ အဲဒီခေတ်ကတော့ လူကြီးတွေ တော်တော် မျက်စိနောက်ခဲ့ကြမှာပေါ့။ သင်္ကြန်ပြီးသွား တော့လည်း ပိုးက တော်တော်နဲ့ သေမသွားဘဲ သူငယ်ချင်းတစု တပူးတွဲတွဲ ရှိနေခဲ့ကြတယ်။ အဲဒီအချိန်မှာ မန်းရာပြည့်ပွဲတော်ကြီး ကျင်းပမယ်ဆိုတော့ တခုခု အမှတ်တရဖြစ်အောင် လုပ်ချင်ကြတယ်။ အကြိမ်ကြိမ် အထပ်ထပ် စဉ်းစားတိုင်ပင်ပြီးတဲ့အခါကျတော့၊ အမှတ်တရ လွယ်အိပ်လုပ်ရောင်းဖို့ ရွေးချယ်ခဲ့ကြတယ်။ လွယ်အိပ်ကို မန်းရာပြည့်အထိမ်းအမှတ် ဆိုတာနဲ့အညီ မြန်မာဆန်ဆန်ဖြစ်အောင် လုပ်ချင်တာကြောင့် အဲဒီအချိန်က မြန်မာမှုပန်းချီနဲ့ နာမည်ကြီးစ ပန်းချီကိုအေးမြင့်ကို အကြံဥာဏ်တောင်းကြတယ်။ ကိုအေးမြင့်က မြန်မာဆန်ဆန် လှပတဲ့ လွယ်အိပ်ဒီဇိုင်းလေးတခု ရေးပေးခဲ့တယ်။ လွယ်အိပ်ကိုယ်ထည် နှစ်ဖက်စလုံးမှာ နန်းတော်မုခ်ဦး ပြသဒ်ပုံကို အပြာနုရောင်နောက်ခံထားရေးဆွဲပြီး လွယ်အိပ်ကြိုးကိုတော့ လှပတဲ့ ကနုတ်ပန်း တွေနဲ့ နက်ပြာရောင် လုပ်ထားတယ်။ လွယ်အိပ်ကိုယ်ထည်နဲ့ ကြိုးအဆက်နေရာမှာ စက်ဝိုင်းထဲက ပြသဒ်ပုံလေးတွေ အထက်အောက် (၄) ပုံစီ ထည့်ထားတယ်။ ကြည့်လိုက်တာနဲ့ ကိုင်မကြည့်ဘဲ မနေနိုင်လောက် အောင် လှတဲ့ လွယ်အိတ်ကလေးဖြစ်တယ်။

လူငယ်တွေရဲ့မန္တလေး
လွယ်အိတ်ဒီဇိုင်း စိတ်ကြိုက်ရပြီဆိုတာနဲ့ ရွှေကျီးမြင်ဘုရားနားက ကျားဘငြိမ်းရဲ့ ညီတော်စပ်သူဖြစ်တဲ့ ကိုတိုးရဲ့ ဆေးဆိုးပန်းရိုက်လုပ်ငန်းမှာ ဇင်ပိတ်အုပ်တွေ ၀ယ်ပေးပြီး အလုပ်အပ်ကြတယ်။ မန်းရာပြည့်ကွင်းကြီး ထဲမှာလဲ ဆိုင်ခန်းတခန်း ယူထားလိုက်ကြတယ်။ ပွဲတော်ရက်က သိပ်နီးကပ်နေပြီဖြစ်တော့ နေ့စဉ် လွယ်အိပ်များများကျစေဖို့အတွက် ကိုတိုးရဲ့ ဆေးဆိုးပန်းရိုက်အလုပ်ရုံမှာ သူငယ်ချင်းတွေ တယောက်မကျန် တနေ့လုံးသွားပြီး ကူလုပ်ကြရတယ်။ ဆေးဆိုးပန်းရိုက် အလုပ်တွေတော့ ဘယ်ဝင်လုပ်တတ်မှာလဲ။ ဆေးဆိုးပန်းရိုက်ပြီးတဲ့ အထည်တွေကို အင်တုံကြီးထဲထည့်ပြီး လျှော်ရညှစ်ရ အခြောက်လှန်းရတဲ့ အလုပ်တွေကို ၀ိုင်းလုပ်ကြရတာ။ ကျောင်းတက်၊ စာကျက်၊ ဘောလုံးကစား၊ ၀င်းလိုက်ရုံမှာ ပြသမျှ အင်္ဂလိပ်ကားတွေ မလွတ်တမ်းကြည့်ဆိုတဲ့ အလုပ်မျိုးကလွဲပြီး တခြားဘာအလုပ်မှ မလုပ်ဖူးတဲ့ ကောလိပ်ကျောင်းသားတွေ ဖြစ်ကြလေတော့ လက်တွေဆေးစားလို့ ပေါက်ကြပြဲကြ ဖြစ်ကြတာပေါ့။ တနေ့လုံး နေပူကြီးထဲမှာ လုပ်ရတော့ ပင်လည်း ပင်ပန်းကြတယ်။ ဒါပေမယ့် ကိုယ်လုပ်ချင်လို့ လုပ်ကြတဲ့ အလုပ်ဖြစ်တော့ မညည်းမညူ ပျော်ပျော်ပါးပါး သီချင်းတကြော်ကြော်နဲ့ လုပ်ခဲ့ကြတယ်။

ကျွန်တော်တို့ရဲ့မန္တလေး
ဆေးဆိုးပန်းရိုက်က နေ့စဉ်ပြီးသမျှ အထည်တွေကို လွယ်အိတ်အဖြစ် ရောက်အောင်ချုပ်ဖို့အတွက် စက်ဆိုင်ကို ပို့ပေးရပြန်တယ်။ စက်ဆိုင်ကချုပ်ပြီး လွယ်အိတ်တွေကို သူငယ်ချင်းတွေ တယောက်တလှည့် မီးပူတိုက်ရပြန်တယ်။ ပွဲတော်စဖွင့်တဲ့နေ့ မနက်ပိုင်းရောက်မှ ရာပြည့်ကွင်းထဲက ယူထားတဲ့ ဆိုင်ခန်းကို မွမ်းမံနိုင်ကြပါတော့တယ်။ သူများဆိုင်ကြီးတွေလို တခမ်းတနား လှလှပပတွေ ဘယ်လုပ်နိုင်မှာလဲ။ အဖြစ်လောက်ပြင်ဆင်ပြီး တဆိုင်လုံးပြည့် လွယ်အိတ်တွေကို ချိတ်ထားလိုက်ကြတာပါပဲ။ စဖွင့်တဲ့နေ့ ညနေ (၆) နာရီလောက်မှာ လူတွေ ကြိတ်ကြိတ်တိုးစည်ကားနေပြီ။ လော်စပီကာနဲ့ တယောက်က လွယ်အိတ်တလုံး ခြောက်ကျပ်၊ ခြောက်ကျပ် နဲ့ အော်ရောင်းနေတဲ့ ဆိုင်ရှေ့မှာလည်း လူတွေ ၀ိုင်းနေကြပြီ။ မမျှော်လင့်ဘဲ လွယ်အိတ်တွေ ရောင်းကောင်းလိုက်တာ လက်မလည်နိုင်အောင်ပါပဲ။ တယောက်မှလည်း အငြိမ်မနေရဘူး။ ညနေ (၆) နာရီလောက် စရောင်းလိုက်တာ ည (၁၀) ထိုးခါနီးမှပဲ လူစဲသွားတော့တယ်။ အဲဒီအချိန်ကျတော့ လူတွေ အားလုံးက ပွဲခင်းတွေထဲ ရောက်ကုန်ကြပြီ။

မေလှမြိုင်ရဲ့မန္တလေး
အင်မတန်ကျယ်တဲ့ ရာပြည်ကွင်းကြီးတခုလုံးမှာ ဈေးဆိုင်ခန်းတွေနဲ့ အပြည့်ပါပဲ။ ပုဂ္ဂလိက အရောင်းဆိုင်ခန်းတွေအပြင် အစိုးရဌာနဆိုင်ရာ ပြခန်းတွေကလည်း မနည်းပါဘူး။ အငြိမ့်ပွဲ၊ ဇာတ်ပွဲ၊ ရုပ်သေးပွဲ တွေကလည်း ခြိမ့်ခြိမ့်သဲနေပါတယ်။ အဲဒီအချိန်က ရန်နိုင်စိန်-မေလှမြိုင် တို့ရဲ့ အစိုးရပြဇာတ်အဖွဲ့က လျှမ်းလျှမ်းတောက် နာမည်ကြီးနေတဲ့အချိန်ဆိုတော့ ညဦးပိုင်းမှာတော့ အဲဒီပွဲခင်းမှာ လူတွေ ကြိတ်ကြိတ်တိုး နေကြတယ်။ သူတို့က သန်းခေါင်ကျော်လောက် ပွဲသိမ်းတာကြောင့် သူတို့ပွဲပြီးမှ တခြားဇာတ်ရုံဘက် ကူးသွားကြတော့တယ်။ ဘားမားစတိတ်တို့၊ လန်ဒန်ဂိုးဖလိပ်တို့လို စီးကရက်ကုမ္ပဏီကြီးတွေရဲ့ ပြခန်းတွေမှာ ရန်ကုန်က နာမည်ကျော် ရုပ်ရှင်မင်းသား မင်းသမီးတွေ၊ အဆိုကျော်တွေ ညစဉ်ဖျော်ဖြေကြတာကြောင့် တိုးမပေါက်အောင်ကို စည်ကားလှပါတယ်။ ကချင်မနောပွဲကို ကိုယ်တိုင်ပါဝင် ကဖူးတာ ရာပြည့်ပွဲမှာပဲ ဆိုတာလည်း ကောင်းကောင်းမှတ်မိနေတယ်။ မနောကွင်းအတွင်း ၀င်ခွင့်လက်မှတ်ဝယ်ရင် ဘယ်သူမဆို ၀င်ကလို့ ရပါတယ်။ အဲဒီအချိန်က မနောအကဆိုတာ အထူးအဆန်းသဖွယ် ဖြစ်နေလေတော့ မနောကွင်းမှာလည်း လူတွေ စည်နေတာပါပဲ။

ပီတိများရဲ့မန္တလေး
ပျော်စရာတွေ ပေါလှပေမယ့် လွယ်အိတ်အဖွဲ့သားများတော့ စိတ်လွတ်ကိုယ်လွတ် မပျော်အားပါဘူး။ လွယ်အိတ်တွေက လက်မလည်အောင် ရောင်းရလေတော့ ၀ယ်လိုအားကို ထုတ်လုပ်အားက အမှီမလိုက် နိုင်ပါဘူး။ ဒီတော့ တဖွဲ့လုံးနေ့ခင်းမှာ ထုတ်လုပ်ရေးအတွက် လုပ်အားပေးကြရတာကြောင့် နေ့ခင်းမှာ ဆိုင်မဖွင့်နိုင်ကြပါဘူး။ ညနေ (၆)နာရီမှ စပြီး ဆိုင်ဖွင့်နိုင်ပါတယ်။ ဆိုင်ဖွင့်တာနဲ့ စောင့်နေတဲ့ လူအုပ်ကြီးက အတင်းတိုးဝှေ့ ၀ယ်ကြလေတော့ တနာရီလောက် ရောင်းလိုက်တာနဲ့ တနေ့တာ ထုတ်လုပ်နိုင်သမျှ လက်ကျန် မရှိတော့အောင် ကုန်သွားတော့တာပါ။ ဒါလောက်ရောင်းကောင်းတဲ့ လွယ်အိတ်တွေ ထုတ်လုပ်ရောင်းချကြတာ တော်တော်တွက်သားကိုက်မှာပဲလို့ လူတိုင်းထင်ကြတယ်။ ပွဲပြီးလို့ စာရင်းချုပ်လိုက်တော့ လည်ချောင်းတွေနာပြီး အသံမထွက်တော့တဲ့သူနဲ့၊ မျက်စိနာလို့ အပြင်မထွက်နိုင်တဲ့သူနဲ့၊ ဖျားလို့ဆေးရုံတင်လိုက်ရသူနဲ့ ပြီးတော့ အချိုးကျ စိုက်ငွေ ထပ်ထည့်ကြရတာနဲ့ပဲ ပျော်ရွှင်ကျေနပ်လိုက်ကြရပါတော့တယ်။ ကျောင်းသားလေးတွေပဲ၊ စီးပွါးရေးအကြောင်း ဘာသိတာမှတ်လို့။ အပျော်တမ်းသဘော လုပ်ကြတာ ဖြစ်လေတော့ သူတို့လွယ်အိတ် တွေကို လွယ်လွယ်လာကြတာတွေ့ရင်ပဲ ၀မ်းသာပီတိ ဖြစ်နေကြတာလေ။

သူငယ်ချင်းတွေရဲ့မန္တလေး
အခုတော့ နှစ်ပေါင်း (၅၀) ကြာခဲ့ပြီ။ သူငယ်ချင်းတွေ အားလုံးလည်း ခြောက်ဆယ်ကျော်၊ ခုနှစ်ဆယ်ကျော်တွေ ဖြစ်ကုန်ကြပြီ။ အားလုံးလိုလို မန္တလေးမှာ ရှိနေကြသေးတယ်။ တယောက်နဲ့တယောက် မတွေ့ဖြစ်ကြတော့ပေမယ့် တယောက်သတင်းကိုတယောက် နားစွင့်နေကြတာကြောင့်စိမ်းတော့မသွားကြဘူး။ ဘာပဲဖြစ်ဖြစ် ခုခေတ်မန္တလေးမှာ ဟိုတုန်းက သူငယ်ချင်းတွေ ရှိနေကြသေးလေတော့ မန္တလေးနဲ့ တစိမ်းပြင်ပြင် ဖြစ်မသွားလို့ ၀မ်းသာမိတယ်။ မန္တလေးနဲ့ ဝေးကွာခဲ့ရတာက နှစ်ပေါင်း (၅၀)နားတောင် ကပ်နေလေပြီ။

မြန်မာတို့ရဲ့မန္တလေး
နှစ်ငါးဆယ်နီးပါး ဝေးကွာခဲ့ရပြီ ဖြစ်ပေမယ့် မန္တလေးကိုတော့ ဘယ်မေ့မှာလဲ။ မန္တလေးကို မေ့နိုင်တဲ့ မန္တလေးသားဆိုတာ ရှိနိုင်ပါ့မလား။ မန္တလေးဆိုတာ မြန်မာလူမျိုး၊ မြန်မာစကား၊ မြန်မာစာပေ၊ မြန်မာလူ့အဖွဲ့အစည်း၊ မြန်မာ့ယဉ်ကျေးမှု အနုပညာတို့ရဲ့ ဘူမိနက်သန်ပဲလေ။ ရှေးတုန်းကများ မန္တလေးကို မရောက်ဖူးရင်၊ ဘယ်အငြိမ့်သမား၊ ဇာတ်သမားမှ သဘင်ပညာစုံပြီလို့ မယူဆကြဘူး။ သဘင့်တက္ကသိုလ်လို့ တောင် တင်စားခဲ့ကြတာ။ ဒါတင်မက ရဟန်းသံဃာများလည်း မန္တလေးမှာ စာမလိုက်ဖူးရင် သင်ရိုးကျွတ်ပြီလို့ မယူဆကြဘူး။ အဲဒါလောက် အရှိန်အ၀ါကြီးခဲ့တာ။ မန္တလေးဆိုတာက သူ့ကျွန်ဘ၀ကို နောက်ဆုံးမှ ရောက်ရတဲ့မြို့ မဟုတ်လား။ အဲဒီတော့ မြန်မာ့ယဉ်ကျေးမှု အနုပညာတွေကို အားခဲပြီး ထိန်းသိမ်းထားနိုင်ပေတာပေါ့။ ရာပြည့်ပွဲတော်ကြီး ကျင်းပတော့ မြန်မာ့ယဉ်ကျေးမှုအနုပညာတွေ အများကြီး ထုတ်ပြနိုင်ခဲ့ကြတယ်။ အထူးသဖြင့် ယဉ်ကျေးမှုဝိညာဉ်ကို ထိန်းသိမ်းစောင့်ရှောက် ထားနိုင်ခဲ့ကြတဲ့အတွက် မန္တလေးသားတိုင်း ဂုဏ်ယူခဲ့ကြတယ်။ ၀မ်းသာပီတိ ဖြစ်ခဲ့ကြတယ်။

"ဒါတို့မြန်မာ
ဒါတို့မန္တလေး" လို့
ခေါင်းမော့ရင်ကော့ပြီး ကြွေးကြော်နိုင်ခဲ့ကြတယ်။
ဘာပဲပြောပြော ဟိုတုန်းက မန္တလေးကို လွမ်းမိပါသေးတယ်။

လူထုစိန်ဝင်း
(၅-၂-၂၀၀၉)
{မန္တလေးအနှစ်၁၅၀ပြည့် မဂ္ဂဇင်း၊ ၂၀၀၉ မေလ၊ ပထမအကြိမ် မှ ကူးယူဖော်ပြပါတယ်။}



အပြည့်အစုံ..သို့ ...>>>

Thursday, June 25, 2009

ဒဂုန်တာရာနှင့်တွေ့ဆုံခြင်း-အချစ်ဆိုသည်မှာ.....
တွေ့ဆုံမေးမြန်းသူ- မိုးဇံ


{ဆရာဒဂုန်တာရာကို ၁၉၁၉၊ မေလ (၁၀)၊ စနေနေ့မှာ ဖွားမြင်ပါတယ်။ ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ်၊ ထိုင်ကူမြစ်တန်းရွာ ဇာတိဖြစ်ပါတယ်။ ဆရာဟာ ခေတ်ဆန်းစာပေလှုပ်ရှားမှုရဲ့ နောက်မှာ စာပေသစ် ကြွေးကြော်သံနဲ့ တာရာမဂ္ဂဇင်းကို ထုတ်ဝေခဲ့သူ ဖြစ်ပါတယ်။ အတွေးအခေါ် အယူအဆ တင်ပြပုံ အဖွဲ့အနွဲ့ ဆန်းသစ်တဲ့ ကဗျာ၊ စကားပြေများကို ရေးသားသူအဖြစ် ထင်ရှားပါတယ်။ စန္ဒရား အတီးကောင်းသူ၊ ငြိမ်းချမ်းရေးကို မြတ်နိုးသူ အဖြစ်နဲ့လည်း လူသိများလှပါတယ်။ ဂျာနယ်ကျော်မမလေးက သူ့ကို- "သူသည် သာမန်လူများလို ချစ်ခြင်း၊ မုန်းခြင်း၏ လွှမ်းမိုးခြင်းကို မခံ၊ ချစ်သည်ဖြစ်စေ၊ မုန်းသည်ဖြစ်စေ၊ ယုံကြည်မှုဝါဒအတိုင်းသာ ဖြေင့်မတ်စွာ လုပ်သူ ဖြစ်ပေသည်။ သူ့စိတ်ထဲတွင် ယုံကြည်သည့် အချက်ကိုသာ လုပ်သည်၊ ပြောသည်၊ ရေးသည်။ ဤအချက်ကား အမှန်စင်စစ် သူ့အပေါ်တွင် သူအလွန်ရိုးသားသော အချက်ဖြစ်သည်။"
"သူသည် ထူးချွန်ထက်မြက်လှစွာသော အနုပညာသည် ဖြစ်လေသည်။ စာပေတွင် စကားလုံးများကို စပ်ဟပ်သီကုံးသကဲ့သို့ပင် စန္ဒရားတွင်လည်း စပ်ဟပ်သီကုံး တီးလေသည်။
အဘက်ဘက်မှ ပြည့်ဝခြင်း ပါရမီမှာ မယုံနိုင်လောက်အောင်ပင် ဖြစ်ရလေသည်။" လို့ 'ဒဂုန်တာရာ၏ ဒဂုန်တာရာ' ရဲ့ အမှာစာမှာ ရေးသားခဲ့ဖူးပါတယ်။ ဆရာဒဂုန်တာရာနဲ့ ၂၈ စက်တင်ဘာ ၂၀၀၀ နဲ့ ၂၉ စက်တင်ဘာ ၂၀၀၀ နေ့များက ယခု ဆရာနေထိုင်ရာ အောင်ပန်းမြို့ က နေအိမ်မှာ အချစ်ဆိုတဲ့ ခေါင်းစဉ်နဲ့ စကားအတန်ကြာအောင် ပြောဆိုဆွေးနွေးဖြစ်ခဲ့ ပါတယ်။ -ဗြူတီမဂ္ဂဇင်း-}


မိုး။ ။ ကျွန်တော်ဒီကို လာခါနီးမှာ ဆရာပါရဂူနဲ့ တွေ့တယ်ဆရာ။ ဗြူတီ မဂ္ဂဇင်း အမှတ်(၇) မှာ ပရဟိတဆိုတဲ့ ခေါင်းစဉ်နဲ့ ဆရာပါနဲ့ ကျွန်တော်နဲ့ အင်တာဗျူးတဲ့အကြောင်း ပြန်ပြောဖြစ်တယ်။ အဲဒါကို အကြောင်းပြုရင်း ကျွန်တော်က အောင်ပန်းသွားပြီး ဆရာဒဂုန်တာရာနဲ့ အင်တာဗျူး သွားလုပ်မလို့ ဆိုတဲ့အကြောင်း ပြောမိတယ်။ ပြီးတော့ ပြောမယ့်ခေါင်းစဉ်က 'အချစ်' လို့ပြောလိုက်တော့ ဆရာပါက ရယ်တယ်။ နောက်ဆရာဒဂုန်တာရာကို စကားကြုံ ပါးလိုက်ချင်တယ်လို့ပြောတယ်။ "ဒဂုန်တာရာ၊ ခင်ဗျားဘာမှ ဝေ့လည်ကြောင်ပတ်တွေ မဖြေပါနဲ့ တည့်တည့်ပြောပါ" လို့ ကျွန်တော့်ကို စကားပါးလိုက်ပါတယ်။

တာရာ။ ။ ဟား...ဟား...ဟား... (ခပ်ဖွဖွ ရယ်ပါတယ်) ဟုတ်တယ်။ ပါရဂူက 'စ' တတ်တယ်ဗျ၊ ကျွန်တော်ကတော့ မေးတာကို ဖြေလို့ရသမျှ ဖြေမှာပါ။

မိုး။ ။ ဆရာ အချစ်ဆိုတာကို ဘယ်လို နားလည်သလဲ၊ ဘယ်လိုအဓိပ္ပါယ် ဖွင့်ဆိုပါသလဲ။

တာရာ။ ။ နေဦး၊ ကျွန်တော်က မေးတဲ့သူကို မေးခွန်းပြန်မေးရလိမ့်မယ်။ ကိုမိုးဇံက ဘယ်လို နားလည်ထားသလဲ။ ဒါဟာ ကျွန်တော်နဲ့ သဘောချင်း တူချင်လည်း တူမယ်။ တူချင်မှလည်း တူမယ်ပေါ့ဗျာ။

မိုး။ ။ ဟုတ်ကဲ့။ ကျွန်တော်ရဲ့ ယေဘူယျအမြင် ပြောရရင်တော့ အချစ်ဆိုတာဟာ ဒြဗ်မဲ့ကိစ္စ၊ နူးညံ့သိမ်မွေ့တဲ့ ကိစ္စပါ။ ရင်ခုန်ပြီး ပေါက်ဖွားလာတာလို့ ယူဆပါတယ်။ ဒါဟာ ကျွန်တော်က ကောင်မလေးတယောက်နဲ့ တွေ့ဆုံစကား ပြောလိုက်တဲ့အခါမှာ ရင်ခုန် ပေါက်ဖွား လာတာမျိုးချည်းကိုပဲ ဆိုလိုတာ မဟုတ်ပါဘူး။ ဥပမာ ဆရာရယ်၊ ကျွန်တော် လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ကသာ ရွှေကူဘက်ကို ရောက်တယ်။ အဲဒီမှာ၊ ရွှေကူမှာ ဧရာဝတီမြစ်ထဲ ရေဆင်းချိုးတော့ အဲဒီမြစ်ကမ်းစပ်မှာ မှောက်အိပ်ရင်း၊ ဧရာဝတီမြစ် ရေစီးသံကို နားထောင်ရင်း၊ ဒီမြေကြီးနဲ့ ဒီမြစ်ရေတွေကို ထိထားရင်း ကျွန်တော့်ရင်ထဲမှာ တဒိတ်ဒိတ်နဲ့ ကိုယ့်ပြည်ကိုယ့်မြေ ကိုယ့်ရေဆိုတာကို ချစ်ခင်တွယ်တာစိတ် ကျကျနနကြီး ပေါ်လာဖူးတယ်ဆရာ။ အဲဒါမျိုးလည်း အကျုံးဝင်မှာပေါ့။

တာရာ။ ။ အင်း....၊ ကျွန်တော်ကလည်း အချစ်ဆိုတဲ့ စကားလုံး သုံးဖူးပါတယ်။ ဥပမာ တောင်ကိုးရီးယားနဲ့ မြောက်ကိုးရီးယားတို့ နှစ်ငါးဆယ်လောက် ရန်ဘက်ပြု ဆက်ဆံခဲ့ကြ တယ်။ အခု ပြန်ပေါင်းကြပြီ၊ သမတနှစ်ယောက်လည်း တွေ့ပြီးဆိုတော့ ကျွန်တော်က ဆောင်းပါးတပုဒ် ရေးတယ်။ တောင်နှင့် မြောက်ကိုးရီးယားတို့၏ ချစ်ရနံ့။ အဲဒီတော့ ချစ်တယ်ဆိုတဲ့ အဓိပ္ပါယ်က ကျွန်တော့်အတွေ့အကြုံအရပေါ့ဗျာ၊ ပြီးတော့ စာထဲမှာ ဖတ်ထားတာ အရကတော့ စာထဲပေထဲတော့ ဘာသာရေးဆိုတော့ ပါဠိလိုပေါ့ဗျာ၊ မေတ္တာဆိုတာ။ ကျွန်တော်တို့ ဘာသာစကားမှာတော့၊ ချစ်တယ်ရယ်၊ ကြိုက်တယ်ရယ် နှစ်မျိုး သုံးလို့ရတယ်။ ယောက်ျလေးတယောက်နဲ့ မိန်းကလေးတယောက် လူငယ်ဖြစ်ဖြစ်၊ လူကြီးဖြစ်ဖြစ်ပေါ့။ သူတို့ကြားထဲမှာ ကြိုက်တယ်ဆိုတာ သုံးတယ်၊ ချစ်တယ်လို့လည်း သုံးကြတယ်။
ကျွန်တော်ကတော့ ချစ်တယ်ဆိုတာကို ခုနက ကိုမိုးဇံပြောသွားတဲ့ အထဲမှာလဲ ပါပါတယ်။ ချစ်တယ်ဆိုတာ ပန်းတပွင့် လှတယ်၊ မွှေးတယ်၊ ဒါ အာရုံငါးပါးထဲမှာ မျက်စိအမြင်၊ အကြည့်၊ ရနံ့တို့ပေါ်တယ်။ ဒါလည်း အချစ်ပဲလို့ ကျွန်တော်ယူဆတယ်။ တောင်နဲ့မြောက် ကိုးရီးယားတို့ ချစ်တယ်ဆိုတာဟာလည်း ငြိမ်းချမ်းရေးလို့ အဓိပ္ပါယ်ထွက်တယ်။ ကျွန်တော်က တော့ အချစ်နဲ့ ငြိမ်းချမ်းရေးဆိုတာ စာလုံးချင်းကွဲပေမယ့် အဓိပ္ပါယ်သက်ရောက်မှုချင်း အတူတူပဲလို့ ခံယူထားတယ်။
ငြိမ်းချမ်းရေး မြတ်နိုးတယ်ဆိုတာ ငြိမ်းချမ်းရေး လိုအပ်တာပဲ။ ဘာကြောင့် ငြိမ်းချမ်းရေး ဆိုတာ ရှိသလဲ။ ကိုယ့်ပြည်တွင်းမှာပဲ ဖြစ်ဖြစ်၊ ကမ္ဘာမှာပဲ ဖြစ်စေ၊ အားလုံးပေါ့။ တလောကလုံး သုံးတဲ့ ငြိမ်းချမ်းရေးပါပဲ။ ငြိမ်းချမ်းရေးဆိုတာ ခွဲခြားမှု မရှိပါဘူး။ ငြိမ်းချမ်းရေးဆိုတာ တယောက်နဲ့တယောက် ချစ်တာပဲ။ တပြည်နဲ့တပြည် ချစ်တာပဲ။ အယူအဆ၊ နိုင်ငံရေး အယူအဆ မတူရင်လဲ ချစ်တာပဲ။ ချစ်တယ်ဆိုရင် ဘာတွေပါသလဲဆိုတာကို ကြည့်တော့ ခွင့်လွှတ်ခြင်းဆိုတာ ပါတယ်။ အမှားအမှန်ဆိုတာကတော့ ကိုယ့်အမြင်နဲ့ ကိုယ်ပြောကြတာပဲ။ ကိုယ်ကြိုက်တာနဲ့ ပြောတာပဲ။ အလင်းနဲ့အမှောင်၊ အရောင်၊ မွှေးရနံ့ အဲဒါတွေကလည်း တယောက်နဲ့တယောက်၊ သဘောကျတာချင်း၊ ကြိုက်တာချင်း မတူကြဘူး။ ကိုယ်ကြိုက်တာ ကိုယ်ပြောကြတာပဲ။ ဒါပေမယ့် မတူပေမယ့် ခွင့်လွှတ်နိုင်တယ်။ ချစ်တယ်ဆိုတဲ့ အဓိပ္ပါယ်မှာ ခွင့်လွှတ်တယ်၊ ပြီးတော့ လိုလားတယ်ဆိုတာ ပါတယ်။ ချစ်တယ်ဆိုရင် လူ တယောက်နဲ့ တယောက်ဖြစ်စေ၊ တဖက်နဲ့ တဖက်ဖြစ်စေ၊ အဖွဲ့အစည်း တခုနဲ့တခုဖြစ်စေ၊ လိုလားတယ်။ သူကောင်းဖို့ကို ကြည့်တယ်။ အပြန်အလှန် ကြည့်ကြတယ်ဗျာ။ ပြီးတော့ သည်းခံတယ်။ ဒါတွေဟာ အချစ်ထဲမှာ ပါတယ်။ လောကမှာ မတူနိုင်ဘူးလေ။ ခေတ်ကလည်း အမျိုးမျိုး ပြောင်းလဲနေတယ်။ အတွေ့အကြုံကလည်း အမျိုးမျိုး ရှိတယ်ဗျာ၊ အသက်အရွယ်လည်း မတူကြဘူး။ သူ့ရဲ့ ပညာရေး မတူကြဘူး။ ဒါပေမယ့် မတူပေမယ်လို့ ဘာကြောင့် မချစ်နိုင်ရမှာလဲ။ ချစ်လို့ ရတယ်ပေါ့ဗျာ။ ဒီအချစ်ဆိုတာ မွန်မြတ်တယ်။
ကျွန်တော့ အတွေ့အကြုံအရ ကျွန်တော် ချစ်တာတွေ အများကြီးပဲ။ ပန်းတပွင့်၊ အရောင်လေးတွေ ကျွန်တော်ချစ်တယ်ဗျာ။ နှင်းဆီ အနီ၊ အ၀ါ အဲဒါ ကျွန်တော် ချစ်တယ်။ ပန်းရနံ့ ကျွန်တော် ချစ်တယ်။ ရနံ့သင်းသင်းလေး ကျွန်တော်ချစ်တယ်။ ကြိုင်နေတာမျိုးလည်း ကျွန်တော် ချစ်တယ်။ စာလည်း ဒီလိုပဲ ရသရှိတဲ့စာတွေ ကျွန်တော်ချစ်တယ်။ လူသားတွေကိုလဲ ဒီသဘောမျိုးပဲ။ တယောက်နဲ့တယောက် ချစ်တယ်ဆိုတာမျိုး ရှိတယ်။ သို့သော်လည်းပဲ ကမ္ဘာမှာကတော့ဗျာ၊ အချစ်နဲ့ ဆန့်ကျင်ဘက် အမုန်းဆိုတာ ရှိတယ်။ ဒါကလည်း ဆန့်ကျင်ဘက်အကြောင်း ထည့်ပြောမှ ပြည့်စုံမယ်။ အဲဒီအထဲက အမှန်တရားကို ရှာမယ်ဆိုရင် အများအကျိုးကို ကြည့်ရင်၊ ချစ်တာဟာ ကမ္ဘာကြီးအတွက် ဖြစ်စေ၊ မိမိတို့ လူသားတရပ်လုံးအတွက်ဖြစ်စေ၊ ပတ်ဝန်းကျင်အတွက်ဖြစ်စေ ကောင်းတဲ့ကိစ္စပဲ၊ မုန်းတယ် ဆိုတာက မကောင်းတဲ့ဘက်၊ အကျိုးမပြုတဲ့ဟာပဲ။ ဆန့်ကျင်ဘက်ကကြည့်ရင်း၊ သည်းမခံဘူး။ အကျိုးကို မလိုလားဘူး။ ခွင့်မလွှတ်ဘူးပေါ့။ ဒါတွေဟာ အမုန်းနဲ့ ပတ်သက်တာတွေပေါ့။ ဒီတော့ အချစ်ဆိုတဲ့ အဓိပ္ပါယ်မှာ လူသားတွေ အားလုံးအတွက် ဆိုတာပါပဲ။ ကျွန်တော်ထင်တယ်။ ဗုဒ္ဓရဲ့ တရားတော်ဟာလည်း အချစ်တရားပဲဗျ။ ပါဠိဆိုရင်တော့ မေတ္တာ ပေါ့ဗျာ။ ကိုယ့်ဘာသာစကားနဲ့ ပြောရင် အချစ်ပေါ့။ ငြိမ်းချမ်းရေးပဲပေါ့။ ငြိမ်းချမ်းရေးဆိုတာ ညီညွတ်တာပေါ့။ မတူတာတွေရှိတယ်။ ဒါပေမယ့် မတူတာတွေက ပေါင်းစပ်လို့ ရပါတယ်။ ညီညွတ်ရေးရှိမှ ငြိမ်းချမ်းရေး ရှိတယ်။ ဒါဟာ ချစ်တဲ့တရားပဲ။ ချစ်အောင်လုပ်တဲ့ တရားပဲ။ ငြိမ်းချမ်းရေး၊ အချစ်၊ အလှအပ ဆိုတာတွေဟာ တကယ်တော့ အတူတူပါပဲ။

မိုး။ ။ အဲဒါဆိုရင် ဆရာရယ်၊ အချစ်ဆိုတာဟာ နှလုံးသားထဲက ကိစ္စလား၊ ဦးဏှောက်ကကိစ္စလား။

တာရာ။ ။ ဒါက မေးသင့်မေးထိုက်တဲ့ မေးခွန်းပဲ။ နှလုံးသားနဲ့ ဦးဏှောက်ဆိုတာ လည်း မူရင်းအားဖြင့်တော့ ဆက်စပ်တယ် ထင်တာပဲ။ ဦးဏှောက်ထဲမှ အာရုံငါးပါး၊ အာရုံခြောက်ပါးရဲ့ တည်ရာပဲဗျ။ နှလုံးသားဆိုတာက နှလုံးသားထဲက ချစ်တယ်၊ အလှအပကို သဘောကျတယ်။ ရနံ့ကိုကြိုက်တယ်။ အာရုံငါးပါး ခံစားမှုပေါ့ဗျာ။ အဲဒါတွေကို သတင်းပို့တာ က ဦးဏှောက်ကပါ။ ဒီတော့ ဦးဏှောက်ရဲ့ အလုပ်ထဲမှာ ခံစားမှုဆိုတဲ့ နှလုံးသားလဲ ပါတယ်။ အဲဒီလို ပါပြီးတော့မှ အမှတ်အသား လုပ်တဲ့အခါမှာ ခွဲလိုက်တာနဲ့ တူပါတယ်။ အဲဒီအခါမှာ ဦးဏှောက်ရဲ့ အလုပ်ပေါ့ဗျာ။

မိုး။ ။ ကျွန်တော် ဆိုလိုတာက သင်္ကေတသဘောနဲ့ တင်စားပြောတဲ့ နှလုံးသားနဲ့ ဦးဏှောက်ပါ။ တကယ့် အလုပ်ကတော့ ဆရာပြောသလိုပါပဲ။ တင်စားတဲ့အနေနဲ့ကတော့ နှလုံးသားကို ခံစားမှု၊ အာရုံပေါ့လေ၊ ဦးဏှောက်ကိုတော့ တွေးတောဆင်ခြင်ဥာဏ်နဲ့ တင်စားတာပေါ့။

တာရာ။ ။ တင်စားပြောတာကတော့ နှလုံးသားဆိုတာက ခံစားမှု အာရုံပေါ့ဗျာ။ ဦးဏှောက်ကတော့ တွေးတာခေါ်တာပေါ့။ ဒါပေမယ့် ဒါဟာ တခြားစီတော့ မဟုတ်ဘူး ထင်တယ်။ ဒါက ဆက်စပ်တယ်။ ဒဿနဗေဒမှာလည်း ဒါဟာ ဆက်စပ်မှု ပါတယ်ထင်တယ်။ အသိပေါ့။ ဟို..... အလှအပတခုကို မြင်တယ်ဆိုပါတော့ဗျာ။ မိန်းကလေးတယောက်ဖြစ်စေ၊ ပန်းတပွင့် ဖြစ်စေ၊ ကောင်းကင်ပြာလဲ့လဲ့ ဖြစ်စေပေါ့။ မြင်ကွင်းတွေ မြင်တဲ့အခါ ဒါကို ခံစားလိုက်တာပဲ။ ဒါကို နှလုံးသားလို့ ဆိုတာပဲ။ ဒါ ဘယ်ကတဆင့် သွားသလဲဆိုရင် အာရုံငါးပါးကသွားတယ်။ အဲဒီက သွားပြီးမှ သိရတယ်။ အဲဒီကမှ မှားတယ်၊ မှန်တယ်၊ ယုတ္တိရှိတယ်၊ မရှိဘူး၊ လုပ်သင့် မလုပ်သင့် ဆိုတဲ့ ဟာတွေကျတော့ ဆုံးဖြတ်တယ် ဆိုတဲ့အခါကျတော့ ဒီနှစ်ခုကို ပေါင်းစပ်ပြီးတော့ လုပ်နေတာပေါ့။ ဒါကို အာရုံသိလို့ ခေါ်နေတာပေါ့ဗျာ။ စာပေ၀တ္ထု တွေမှာတော့ နှလုံးသားလို့ သုံးတာပေါ့။ ကျွန်တော်ကလည်း သုံးဖူးပါတယ်။ ရင်ခုန်သံလို့။ ရင်ခုန်သံဆိုတာ ဒါပဲ၊ သီချင်းတပုဒ် ကြိုက်တာလေး ကြားရတဲ့အခါမှာ၊ လှတာလေး တွေ့တဲ့အခါမှာ ရင်ခုန်တယ်ပေါ့။ ဒါဟာ နှလုံးသားရဲ့ အမူအယာလေ။ နှလုံးသားကို ကျွန်တော်တို့က မြင်ရတာ မဟုတ်ဘူးလေ။ နှလုံးသားကို ရင်ခုန်သံကတဆင့် သိရတာပေါ့။ ရင်ခုန်သံက နှလုံးသားရဲ့ ရုပ်အမူအယာပေါ့။ အဲဒီလို နှစ်ခုကတော့ ဆက်စပ်နေတာပါပဲ။

မိုး။ ။ ဆရာ့စာတွေကို ဖတ်ပြီး ဆရာ့ကို အကဲခတ်ရတဲ့အခါမှာ ဆရာဟာ အင်မတန် နူးညံ့တယ်ဆိုတာ ပေါ်လွင်ပါတယ်။ ပြီးတော့ သဘာဝကြီးကို တွေ့ထိခံစားမိတဲ့အခါမှာ ဆရာဟာ ရင်ခုန်လာပြီး ချစ်စိတ်တွေ ပေါ်နေတယ်ဆိုတာမျိုးကိုလည်း ခန့်မှန်းလို့ ရပါတယ်။ နေရောင်၊ လရောင်၊ ပန်းပွင့်၊ လေညှင်းပေါ့။ ဆရာ့ရဲ့ အချစ်က ပေါ်လွင်တယ်လို့ ထင်တယ်။ လူသားတွေ အပေါ်မှာလည်း ငြိမ်းချမ်းရေး၊ လူမျိုးစုံ ချစ်ကြည်ရေးဆိုတဲ့ အခြေခံနဲ့ ဆရာ့ရဲ့ အချစ်မေတ္တာတရား ဆိုတာတွေကို ထင်ထင်ရှားရှား တွေ့ရပါတယ်။ ဆရာက မိန်းကလေးတယောက်ကို၊ အမျိုးသမီးတယောက်ယောက်ကို ချစ်တယ်ဆိုတာမျိုးရော ရှိပါသလား။

တာရာ။ ။ ကျွန်တော့် ၀တ္ထုတွေ ကဗျာတွေမှာ ပါပါတယ်။ သေသေချာချာ ဖတ်ပြီး စာလုံးတွေရဲ့ နောက်ကွယ်မှာရှိတဲ့ ဘယ်လိုဇာတ်လမ်း၊ ဘယ်လိုခံစားမှု၊ ဘယ်လိုအဖြစ်အပျက် တွေ ပါတယ်ဆိုတာကို တွေးရင် တွေ့နိုင်ပါတယ်။ ချစ်ရနံ့ရနိုင်ပါတယ်ဗျာ။

မိုး။ ။ ဆရာဟာ နှလုံးသား အလွန်နူးညံ့သူဆိုတော့ မိန်းကလေးတွေ အများကြီးကို ချစ်မိခဲ့ဖူးမှာပဲ ထင်တယ်။ မချစ်မိဘူးလား။

တာရာ။ ။ ချစ်မိနိုင်တာပေါ့ဗျာ၊ ချစ်မိတာတွေလည်း ရှိကောင်း ရှိမယ်ပေါ့ဗျာ။ ဒါကလည်း နှစ်ဖက်ပေါင်းမှ ဖြစ်နိုင်တာကိုး။

မိုး။ ။ ဒီလို နှစ်ဖက်ပေါင်းသွားတဲ့ အချစ်မျိုး မပေါ်ဘူးလား။

တာရာ။ ။ ပေါ်ရင်လည်း ပေါ်ဖူးမှာပေါ့ဗျာ။ ဒါက သိပ်အရေးမကြီးပါဘူး။ အချစ်ဝတ္ထုတွေ ဆိုပြီး ၀တ္ထုရေးဆရာတွေ ရေးကြတာရှိတယ်။ အချစ်အကြောင်းဆိုပြီ သူတို့ ရေးရာမှာ ဘယ်တကွက်ပဲ ရေးသလဲဆိုတော့ မိန်းကလေးနဲ့ ယောက်ျားလေး။ အဲဒါကိုပဲ ရေးတယ်။ ဒါက အချစ်ဆိုတာဟာ လောကမှာတော့ ဒါဟာ ကြီးကျယ်တယ်ပေါ့ဗျာ။ လူတိုင်း မကင်းကြဘူးကိုး။ ချစ်တယ်ဆိုတဲ့ ကိစ္စကတော့ ဒီလောက်မကဘူး။ ကျယ်ပြန့်တယ်ပေါ့ဗျာ။ ငြိမ်းချမ်းရေးကို ချစ်တယ်။ အလှအပကို ချစ်တယ်။ ငြိမ်းချမ်းရေးဆိုတာ လူသားအချင်းချင်းကို ချစ်တာပေါ့။

မိုး။ ။ ဟုတ်ကဲ့။ အဲဒီလိုချစ်တဲ့ နေရာမှာ လူတွေထဲမှာပေါ့။ သိသိမှတ်မှတ်ချစ်တာ။ ဥပမာ ဆရာဆိုရင် ဆရာချစ်တဲ့ မိတ်ဆွေတွေအကြောင်းကို ရေးဖူးပါတယ်။ အဲဒီလို သိသိမှတ်မှတ် စွဲပြီး ချစ်တဲ့သူတွေအကြောင်း ပြောပြပါလား။

တာရာ။ ။ အဲဒါကတော့ ချက်ချင်းပြောလို့ ရချင်မှ ရမယ်။ ကိုယ်စွဲစွဲ၊ မြဲမြဲ ဒီအသက် အရွယ်ထိပေါ့ဗျာ။ ချစ်တယ်ဆိုတာ ခုပြောရင်းမှ ပေါ်လာတယ်။ မပြောင်းလဲဘဲ စွဲစွဲမြဲမြဲရှိတာလည်း အချစ်မှာ အရေးကြီးတယ်။ ကျွန်တော် အနုညာ၊ သဘာဝအလှ၊ ရေမြေတောတောင်၊ နေလ၊ ကြယ်တာရာ၊ ပန်းချီပေါ့ဗျာ။ ဒါတွေကို ချစ်တယ်။ ဟိုတုန်းကလည်း ချစ်တယ်။ ခုလည်းချစ်တယ်။ မထူးပါဘူး။ တခါတလေမှာ ကျွန်တော်က မေးရတယ်။ ကျွန်တော်က မျက်စိမကောင်းတော့ဘူးလေ။ မိုးလင်းခါနီးနေပြီ။ ပြာလဲ့လဲ့ရှိလား၊ ကလေးကို မေးရတယ်။ ပန်းတပွင့်ဆိုရင်လည်း ကျွန်တော် သေသေချာချာ ကိုင်ကြည့်တယ်။ စမ်းကြည့်တယ်။ အနံ့ခံကြည့်တယ်။ မေးတယ် ဘာအရောင်လဲ။ ဖြူလား နီလားပေါ့။ ကျွန်တော်မနေနိုင်ဘူး။ ဆိုတော့ ချစ်တဲ့ စိတ်က ပြောင်းမသွားဘူး။ ကိုယ်အာရုံခံစားမှု၊ အာရုံရုပ်က မျက်စိမကောင်းဘူးဆိုတော့ လျော့သွားတာ ရှိမယ်။ ကျန်တာကတော့ စန္ဒရားတီးတယ်။ ခုလည်း ကီးဘုတ်ပေါ့ဗျာ။ တီးတယ်။ လျော့မသွားဘူး။ ကဗျာလည်း ဒီလိုပဲ။ ကျွန်တော်ရေးတယ်၊ လျော့မသွားဘူး။ ဒါကျွန်တော်ချစ်တဲ့ ဟာတွေပဲ။ ဒါတွေ မပြောင်းလဲသွားဘူး။ အဲဒါမှ တကယ့်အချစ်ပေါ့။ ဒါမှ အချစ်စစ်၊ လျော့သွား ပြောင်းလဲသွားရင် တကယ့်အချစ် မဟုတ်ဘူးလို့ ထင်တာပဲ။

မိုး။ ။ သဘာဝ၊ ဂီတ၊ ကဗျာ၊ အနုပညာ၊ ငြိမ်းချမ်းရေး ဒါတွေကို ဆရာ မြတ်နိုးတယ်။ ချစ်တယ် မပြောင်းလဲဘူးပေါ့။

တာရာ။ ။ ဟုတ်တယ်၊ ငြိမ်းချမ်းရေးဆိုရင် ကျွန်တော် အဖွဲ့အစည်းနဲ့ သေသေချာချာ လုပ်ဖူးတာ ဒီတခုပဲ ရှိတယ်။ ဒါ ချစ်တာပေါ့။ ဒီနေရာမှာ အချစ်ဆိုတဲ့ စကားလုံးသုံးရတာ စကားလုံးရဲ့ အဓိပ္ပါယ်သက်ရောက်မှုက ပေါ့ချင်တယ်။

မိုး။ ။ ဒါပေမယ့်လည်း တခြားစကားလုံးလည်း အစားထိုးစရာ မရှိဘူးထင်တယ်။

တာရာ။ ။ မရှိဘူး။ ဟုတ်တယ်။ ကျွန်တော်ကတော့ သုံးတယ်။ ပန်းလေးချစ်တယ် ကွာ။ ဒီလို သုံးတတ်တယ်။

မိုး။ ။ လူတွေကို ချစ်တယ်မဟုတ်လား။

တာရာ။ ။ ချစ်တာပေါ့။ ငြိမ်းချမ်းရေးဆိုတာ လူသားတွေကို ချစ်တာပေါ့။ လူတွေထဲမှာလည်း ဆန့်ကျင်ဘက်ကတော့ ရှိတာပေါ့။ ဒါပေမယ့် ဆန့်ကျင်ဘက်ရဲ့ အတင်းမာဆုံး ပုံစံနဲ့ မပြနဲ့ပေါ့။ မတူတာက အရေးမကြီးပါဘူး။ မတူဘဲနဲ့ ငြိမ်းငြိမ်းချမ်းချမ်း အတူနေနိုင်တယ်ဆိုတာက အချစ်တရားပဲ။ အချစ်တရားက တူရမယ်လို့ မဆိုလိုဘူး။ ကောင်လေးနဲ့ ကောင်မလေး ချစ်တယ်ဆိုတာ မတူတာချင်း ပေါင်းတာပဲ။ ဒီသဘောတရားကို ကျွန်တော် ရေးဖူးပါတယ်။ ဆန့်ကျင်ဘက်တို့၏ ညီညွတ်ခြင်းပေါ့။ ကျွန်တော် ခရမ်းရောင် ကြိုက်တယ်။ ခရမ်းရောင်ဟာ အနီနဲ့အပြာ ပေါင်းစပ်ထားတာ၊ အနီနဲ့ အပြာဆိုတာ ဆန့်ကျင်ဘက်၊ အနီက အပူရောင်၊ အပြာက အအေးရောင်၊ ဒါဟာ ဆန့်ကျင်ဘက်ကနေ ထွက်လာတာ ခရမ်းရောင်က ပိုတောင်လှသေးတယ်။ ငြိမ်းချမ်းရေး ဆိုတာလည်း ဒါပဲ။ ငြိမ်းချမ်းရေးလုပ်ငန်းဆိုတာ မတူတာတွေကို ပေါင်းစပ်ပေးတာပဲ။ အမုန်းနဲ့ မဖြေရှင်းနဲ့ပေါ့။ အမုန်းရဲ့ အမူအယာတွေကတော့ စစ်တို့၊ အကြမ်းဖက်တာတို့ပေါ့။ ဒါကြောင့် ကျွန်တော်က ရေးတယ်။ ရန်သူမရှိ မိတ်ဆွေသာရှိလို့။

မိုး။ ။ ငြိမ်းချမ်းရေးကို ဖျက်ဆီးမယ့်သူကျတော့ ရန်သူ ဖြစ်မလာဘူးလား။

တာရာ။ ။ ငြိမ်းချမ်းရေးကို ဖျက်ဆီးမယ့်လူက ဒီနေရာမှာ ရန်သူဆိုတဲ့ အဓိပ္ပါယ် မဟုတ်ဘူး။ ရန်သူဆိုတဲ့ စကားလုံးက တဖက်နဲ့တဖက် အပြတ်ချေမှုန်းဖို့ သုံးတာကိုး။ တကယ်က အဲဒီလို အပြတ်ရှင်းလို့ မရဘူး။ ကမ္ဘာကြီး မငြိမ်းချမ်းတာ အဲဒါကြောင့်ပါတယ်။ အပြတ်ရှင်းချင်ကြတာကိုး။ အခုတော့ အဲဒီခေတ်က လွန်စပြုပြီ ထင်တယ်။ တယောက်နဲ့ တယောက် အပြတ်ရှင်းစရာ မလိုဘူးလို့ ထင်ပါတယ်။ အခုတော့ စစ်အေးခေတ် လွန်လာပြီ။ ခု ဆိုဗီယက်အုပ်စု မရှိတော့ဘူး။ တဖက်ကအေးပြီလို့ ဆိုနိုင်တာပေါ့။ ဒါပေမယ့် တဖက်က အေးပြီဆိုပြီး တဖက်ကလည်း အားလုံးကို လွှမ်းမိုးမယ်ဆိုရင်တော့ ငြိမ်းချမ်းရေး မရနိုင်ဘူးပေါ့။

မိုး။ ။ ဟုတ်ကဲ့ပါ။ ဒါဟာ ဆရာရဲ့ အချစ်နဲ့ ပတ်သက်တဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ သဘောထားပါ။ ဆရာချစ်တဲ့ လူပုဂ္ဂိုလ်တွေအကြောင်း ပြောပါဦး။ ဒါက နည်းနည်းတော့ ပုဂ္ဂိုလ်ရေးဆန်မှာပေါ့လေ။

တာရာ။ ။ ခုထိပေါ့ဗျာ။ ပျက်မသွားပါဘူး။ ပြောင်းမသွားပါဘူး။ သူတို့ကတော့ လူ့ပြည်မှာ မရှိတော့ဘူး။ ကျွန်တော် စွဲစွဲမြဲမြဲ ရှိတာကတော့ ကိုဗဟိန်းနဲ့ ဗန်းမော်တင်အောင်ပဲ။ ခုနပြောတဲ့ ခွင့်လွှတ်သည်းခံတာ၊ လိုလားတာ။ နှစ်ယောက်စလုံးက ကျွန်တော့်ကို နားလည်တယ်၊ လိုလားတယ်၊ ချစ်တယ်ပေါ့ဗျာ။ သူတို့က ကျွန်တော့်ကို ချစ်တယ်။ ကျွန်တော်လည်း သူတို့ကို ချစ်တယ်။ ပြီးတော့ မုဒိတာပေါ့။ ကိုယ်နဲ့ လုပ်ဖော်ကိုင်ဖက် အချင်းချင်း၊ ပြိုင်ဘက်အချင်းချင်းထဲမှာ တယောက်ကြီးပွါးသွားတယ်၊ နာမည်ကြီးသွားတယ်၊ အောင်မြင်သွားတယ်ဆိုရင် ကိုယ်က ၀မ်းသာသွားတယ်။ တချို့က အဲဒီလို မရှိဘူး။ နေရာမပေး ချင်ဘူး။ အဲဒါတွေက မုဒိတာပဲ။ ကိုဗဟိန်းတို့ ဗန်းမော်တင်အောင်တို့ ဆိုတာ အမြဲလိုလား တယ်။ ၀မ်းသာတယ်။ အဲဒါဟာ မုဒိတာပဲ။ အဲဒီလူတွေကို အချစ်မပျက်ဘူးဆိုတာ ဒါပဲ။ အဲဒါ မုဒိတာဆိုတာ အချစ်နဲ့ ဆက်စပ်နေတာပေါ့။ ပါဠိလိုဆိုရင်တော့ မေတ္တာ၊ ဂရုဏာ၊ မုဒိတာပေါ့။ ချစ်တာပဲ။ ကြင်နာတာပဲ။ လိုလားတာပဲ။ အဲဒီ တရားတွေဟာ ငြိမ်းချမ်းရေးကို ဖြစ်စေတဲ့ အကြောင်းရင်းတွေပဲ။
ကိုဗဟိန်းဆိုရင် ကျွန်တော့်ကို နိုင်ငံရေးထဲမှာ ဖြစ်စေချင်တယ်။ နိုင်ငံရေးခေါင်းဆောင် တွေနဲ့ မိတ်ဆက်ပေးတယ်။ သူ့ကို သခင်ဗစိန်က ဖိတ်တယ်ဆိုရင် ကျွန်တော့်ကို ခေါ်တယ်။ သူတို့ နှစ်ယောက်ဟာ ကျွန်တော်ကို နေရာပေးချင်တယ် လိုလားတယ်ပေါ့ဗျာ။ သူတို့ဆုံးတဲ့ အထိပဲ။ မပြောင်းလဲဘူး။

မိုး။ ။ ချစ်တယ်ဆိုတာ နှစ်ဖက်သွားလား၊ တဖက်သွားလားဆရာ။

တာရာ။ ။ ၀တ္ထုတွေထဲမှာတော့ တဖက်သတ်အချစ်ဆိုတာ ရှိတာပေါ့ဗျာ။ ဒါပေမယ့် နှစ်ဖက်အပြန်အလှန်ရှိမှ တည်တံ့နိုင်တာပေါ့။ အချစ်ဟာ အသွားအပြန်တော့ ရှိတာပေါ့။ ပြည့်စုံသွားဖို့က နှစ်ယောက်အသွားအပြန် ရှိမှ ဖြစ်တာပေါ့။ တဖက်တည်းဆိုရင်တော့ တည်တံ့ဖို့ ခက်တာပေါ့။ အချစ်ဆိုတာ မပြောင်းလဲရဘူး။ လျော့မသွားရဘူး၊ ဆုံးရှုံးမသွားရဘူး။ ပျက်မသွားရဘူး။ တည်မြဲရမယ်ပေါ့။ နောက်ပြီးတော့ ကိုအောင်ဆန်း။ သူနဲ့ကတော့ အထိအတွေ့ နည်းသွားတယ်။ သူလည်း ချစ်တဲ့အထဲမှာ ပါတယ်။ ဒါပေမယ့် သူက နိုင်ငံရေးသမား သက်သက်ဖြစ်သွားတာကိုး။ ဒီတော့ ကျွန်တော်နဲ့ အထိအတွေ့ နည်းသွား တယ်။ ဒါပေမယ့် ထိတွေ့ရသလောက်ကတော့ ဆိုပါတော့ဗျာ။ ဥပမာလေးတခု။ ဗမာ့ လွတ်လပ်ရေးတပ်မတော်မှာ ဂျပန်ဝင်စက သူနဲ့သွားတွေ့တယ်။ အဲဒီမှာ သူ့ရဲ့အပါးတော်မြဲ ကိုထွန်းလှက သီချင်းဆိုတယ်။ ထိုသီချင်းမှာ "ချစ်ကြင်စ ချစ်မှာလား ကြင်မှာလား... ခင်ရယ်" သီချင်းနာမည်တော့ မေ့နေပြီ။

မိုး။ ။ 'ဇွတ်ချစ်မယ်' ထင်တယ်။ ဆရာရေးဖူးတယ်။

တာရာ။ ။ ဟုတ်တယ်။ ကျွန်တော်ရေးဖူးတယ်။ အဲဒီမှာ ကိုအောင်ဆန်းက လာပြီးတော့ ဒေါက် ဒေါက် ဒေါက် ဆိုပြီး ဒီလိုအခါမျိုးမှာ ဗျာတဲ့။ ဒီလို စစ်ရေး အရေးကြီးတဲ့ အချိန်မှာပေါ့။ ဒီ အချစ်သီချင်းတွေက မဟန်ဘူးဗျဆိုပြီး ပြောပြီး ထွက်သွားတယ်။ သူ့အကြောင်းကို ပေါင်းဖူးမှ သိတာ။ ဒီလိုပြောတော့ သူက အချစ်သီချင်း မကြိုက်ဘူးလားပေါ့ မဟုတ်ဘူး။ ဒီလိုပြောလို့မရဘူး။ ကိုလှမောင် မင်္ဂလာဆောင်ကျတော့ စိန်ဝေလျံဆိုတာ နာမည်ကြီး စန္ဒရားဆရာ၊ အင်္လကာကျော်စွာတွေ ဘာတွေ ရတာ။ သူက စန္ဒရားတီးနေတာ၊ အဲဒါ ကျွန်တော်ရောက်သွားတော့ ကျွန်တော့်ကို ကိုဌေးမြိုင် လာ လာ ဆိုပြီး အတင်းခေါ်ပြီး စန္ဒရားတီးခိုင်းတယ်။ ကျွန်တော်က ကိုအောင်ဆန်း မကောင်းဘူးဆိုတာ မရဘူး။ ဟိုလူက ထပြီး ဖယ်ပေးရတယ်။ ဘာတီးခိုင်းလဲဆိုတော့ ကဉ္စန၊ ကဉ္စန လုပ်စမ်းပါဗျာတဲ့။ ဒီလိုဆိုတော့ သူက သီချင်းကို ချစ်တတ်တာပေါ့ဗျာ။ ပြီးတော့ ကျွန်တော့်လည်း ချစ်လို့ပေါ့။ သူလည်း ကျွန်တော့စာရင်းထဲ ထည့်ရမှာပဲ။ အထိအတွေ့တော့ ဟိုလူတွေလောက် မများဘူးပေါ့ဗျာ။ ဒါပေမယ့် ကျွန်တော်တို့ နှစ်ယောက်က ချစ်တာပေါ့။

မိုး။ ။ တယောက်နဲ့ တယောက်ကြားမှာ ရှိတဲ့ နားလည်မှုဆိုတာပေါ့။

တာရာ။ ။ ဟုတ်တယ်။ နားလည်းမှု၊ အပြန်အလှန်နားလည်မှု၊ အချစ်ရဲ့ သက်တမ်းကို ပိုရှည်နိုင်တဲ့ ဟာတခုပဲ။ နားလည်ရင် ပိုခွင့်လွှတ်နိုင်တာပေါ့။

မိုး။ ။ ဘာသာစကားချင်း တူတာ။ မီဒီယမ်ချင်းတူတာပေါ့။ ဒါလည်းပါမယ်ထင်တယ်။

တာရာ။ ။ ပါတာပေါ့။ ဒါက ပိုပြီး နီးစပ်သွားတာပေါ့။ ပိုပြီး နားလည်သွားတော့ ပိုနီးစပ်သွားတာပေါ့။

မိုး။ ။ အဲဒီလို နားလည်မှုရပြီး နီးစပ်ချစ်သွားတဲ့ ငယ်ငယ်က ကောင်မလေး တွေအကြောင်း ပြောပါဦး။ ဖျပ်ခနဲ ရင်ခုန်သွားရတာမျိုးတွေ ရှိမှာပေါ့။ မှတ်မှတ်ရရ ရှိတဲ့အထဲက။

တာရာ။ ။ ဖျပ်ခနဲ ရင်ခုန်သွားရတာမျိုးက တည်ချင်မှ တည်မယ်ဗျ။ ဒါမျိုးက ဖျတ်ခနဲတော့ ချစ်သွားမယ်။ ဒါပေမယ့် နောက် သိပ်မကြာခင် ကွဲသွားမျိုးတွေက ဒါမျိုး ဖြစ်တယ်။
ကျွန်တော့်မှာတော့ အဲဒါမျိုးထဲက မှတ်မှတ်ရရတော့ မရှိနိုင်ဘူးဗျ။ ပြန်ပြောလောက် အောင်၊ စာတင်နိုင်လောက်အောင် မရှိဘူးဆိုပါတော့။ မဖွဲ့လောက်ဘူးပေါ့ဗျာ။ အာရုံခံစားမှု ကလည်း နုသက်၊ ရင့်သက် ရှိတယ်ဗျ။ စာဖတ်ခါစ အကြိုက်နဲ့ စာဖတ်သက် ရင့်လာတဲ့အခါ အကြိုက်နဲ့ မတူနိုင်ဘူး ဆိုတာမျိုး။

မိုး။ ။ အချစ်မှာတော့ ငယ်နုစဉ်မှာ ရင်ခုန်ရတာမျိုးက ပိုပြီး စွဲထင် မကျန်ရစ်ဘူးလား။

တာရာ။ ။ ဖြစ်နိုင်တာပေါ့။ သူက သီချင်းရှိပါတယ်။ အချစ်ဦးကို မမေ့ဘူးဆိုတာ။ ကိုယ်ကြိုက်တဲ့ သီချင်း၊ စာအုပ်၊ ပန်းချီကား တော်တော်စောစောက ဟာတွေက ပိုပြီး မှတ်မိ နေတာပေါ့။ အခုပြန်ဖတ်ရင်တော့ မပြောနိုင်ဘူး။ ကြိုက်ချင်မှ ကြိုက်တော့မယ်။ ငယ်ငယ်က သိတ်ကြိုက်လို့ မှတ်မိနေမယ် ဆိုပေမယ့် အခုပြန်ဖတ်တော့ တမျိုး ဖြစ်နိုင်တယ်။

မိုး။ ။ ငယ်ငယ်က ချစ်ရတဲ့ ကောင်မလေးမျိုး၊ မှတ်မှတ်ရရ မရှိဘူးဆိုတော့ နောင်တော့ရော..... ဆရာချစ်တဲ့ အမျိုးသမီးတယောက်ယောက်ဆိုတာ....။

တာရာ။ ။ မဖြေတတ်ဘူးဗျာ။ ဒါက အရေးလည်း မကြီးပါဘူး။ (တိုးတိုး ညင်းညင်းလေးပဲ ရယ်မောနေပါတယ်။)

မိုး။ ။ အချစ်နဲ့ အိမ်ထောင်ရေးဆိုတာကရော ဆက်စပ်နေသလား။
တာရာ။ ။ အဲဒါကျတော့လည်း အခြေအနေ အမျိုးမျိုး ရှိတာပေါ့။ တချို့လည်း ချစ်ကြပြီး အခြေအနေကြောင့် အိမ်ထောင်မပြုဖြစ်တာလည်း ရှိမယ်။ တချို့လည်း ချစ်တယ်။ အိမ်ထောင်ပြုကြတယ်။ နောက်တော့ မချစ်တော့ဘူးပေါ့ဗျာ။ အိမ်ထောင်ကွဲသွားတာမျိုး ရှိတယ်။ မကွဲတောင် မချစ်တော့ဘူးဆိုတာမျိုးလည်း ဖြစ်နိုင်တာပဲ။
ပြီးတော့ အချစ်နဲ့ အိမ်ထောင်ရေးက မဆက်စပ်ဘူးလို့လည်း ပြောလို့မရဘူးလေ။
နောက် လူ့သဘာဝက ရှိတယ်။ လူ့သဘာဝအရ တချို့က ကြင်နာယုယတာ ခံချင်တယ်။ တချို့က မဟုတ်ဘူး။ ကြင်နာယုယတာ ခံချင်သူက မယုယတတ်တဲ့သူနဲ့ တွေ့ရင်ခက်မယ်။ နောက်ပြီးတော့ ချစ်တယ်ဆိုတာကို ဘာနဲ့ပြမလဲ။ ရုပ်နဲ့ ပြရမယ်လေ။ စိတ်ထဲက ချစ်တယ်ဆိုတာလည်း မရဘူး။ ဒီတော့ ကြင်နာမှုနဲ့ ပြမယ်ပေါ့၊ အများကြီးပေါ့။ တခုခုနဲ့ ပြရတယ်။ အဲဒီလို ပြမှ ပေါ်လာမယ်။ ဒီတော့ ခံယူတဲ့ သူကလည်း ရှိသေးတယ်။ ဒီမှာ သဘောချင်းမကိုက်လျင် မရဘူး။ စိတ်နေစိတ်ထားက အမျိုးမျိုးရှိတယ်။ အံမကိုက်ရင် မဖြစ်ဘူး။ တယောက်နဲ့တယောက် နားမလည်ဘူးဆိုရင် ကွာထွက်တတ်တာပဲ။ အိမ်ထောင်ရေး အဆင်မပြေဘူးပေါ့ဗျာ။ မချစ်ဘူးလို့တော့လည်း ပြောလို့ မရဘူး။

မိုး။ ။ ဆရာကတော့ အိမ်ထောင်မပြုဘူးနော်။

တာရာ။ ။ အင်း.... ကျွန်တော်ကတော့ အိမ်ထောင်မရှိဘူးပေါ့ဗျာ။

မိုး။ ။ အိမ်ထောင်ပြုဖို့လည်း အစီအစဉ်လည်း မရှိဘူးထင်ပါတယ်။

တာရာ။ ။ နေဦး၊ နယ်လ်ဆင်မင်ဒဲလားက အသက် ၈၀ ဗျာ၊ အခု အိမ်ထောင်ထပ် ပြုတာ။ (ဆရာက ရယ်မောရင်း ဖြေပါတယ်) သူက သူ့ရဲ့ အချစ်ကို တွေ့တယ်နဲ့ တူတာပဲ။ သူ့ရည်းစားက ဆုံးသွားတဲ့ သမ္မတရဲ့ ဇနီးမဟုတ်လား။ ဒါ သူ့ အချစ်ပဲ။ အချစ်စစ်ပဲ ထင်တယ်။ ခု လက်ထပ်လိုက်တယ်ဗျာ။

မိုး။ ။ ဟုတ်ကဲ့ဆရာ။ အဲဒီတော့ ဆရာပြောခဲ့တဲ့ အချစ်နဲ့ ပါတ်သက်တဲ့ သဘောတရားပေါ့။ ဆရာဟာ သဘာဝကြီးကို ချစ်တယ်။ ပန်းပွင့် လေညှင်း လရောင်ပေါ့။ ဆရာ့ ရဲဘော် ရဲဘက် သူငယ်ချင်း မိတ်ဆွေတွေကို ချစ်တယ်။ ကမ္ဘာသူ ကမ္ဘာသားတွေကို ချစ်တယ်။ ငြိမ်းချမ်းရေးကို ချစ်တယ်ပေါ့။ အဲဒီမှာ ဘာကို တွေ့ရလဲဆိုတော့ အချစ်ဆိုတာဟာ တိုးတက်ရေး ပိုမိုကောင်းမွန်ရေးကို ရှေးရှုတယ်လို့ မြင်တယ်။ အချစ်ဟာ လောက သာယာ ငြိမ်းချမ်းဖို့ တွန်းအားတရပ်လို့ ဆရာပြောတဲ့အထဲကနေ မြင်လာတယ်။ ဟုတ်သလား။

တာရာ။ ။ ကျွန်တော်လည်း ငယ်ငယ်ကဆို ဒီလို ပြောနိုင်ချင်မှ ပြောနိုင်မယ်။ အတွေ့အကြုံပေါ့။ ပြီးတော့ ကျွန်တော် ဖြတ်သန်းခဲ့တဲ့ သမိုင်းခေတ်နဲ့လည်း ဆိုင်တယ်။ ကျွန်တော်တို့ခေတ်ရဲ့ ရိုက်ခတ်မှုပေါ့လေ။ မိတ်ဆွေတွေ ရဲဘော်တွေဟာ ယုံကြည်တာတခု ကနေ ယုံကြည်တာချင်း ကွဲလွဲရာကနေ အမျိုးမျိုးဖြစ်သွားကြတာတွေ ရှိတယ်မဟုတ်လား။
ဒီတော့ ကျွန်တော်က ငြိမ်းချမ်းရေးကို သိတယ်။ ငြိမ်းချမ်းရေးကို လိုလားတယ်။ ငြိမ်းချမ်းရေးကို မြတ်နိုးတယ်ပေါ့ဗျာ။
သမိုင်းဖြတ်သန်းမှုအရဆိုရင် အချစ်နဲ့ ဆက်ဆံရေး မဟုတ်ဘဲ အမုန်းနဲ့ ဆက်ဆံတယ် ဆိုရင် မကောင်းဘူးပေါ့ဗျာ။ ငြိမ်းချမ်းရေးဆိုတာ အချစ်နဲ့ နားလည်မှု၊ ခွင့်လွှတ်သည်းခံမှုတို့နဲ့မှ ပေါ်နိုင်တယ်။
နောက်ပြီးတော့ ချစ်တယ်ဆိုတာ လူငယ်မှ လူကြီးမှလို့ မရှိဘူးထင်တယ်။ လူငယ်လည်း အာရုံခံစားမှုကောင်းရင် ကောင်းသလို၊ လူကြီးလည်း ဒီလိုပဲ ရှိမှာပဲ။ ကျွန်တော်ငယ်ငယ်က ချစ်ခဲ့တာတွေကို အခုလည်း ချစ်တာပဲ။ ခံစားလို့ ရတုန်းပဲ။ ကျွန်တော် ငယ်ငယ်ကတည်းက ကြိုက်တဲ့သီချင်းတွေ အခုလည်း ကြိုက်တယ်။ ခံစားလို့ ရတုန်းပဲ။ ကျွန်တော် ငယ်ငယ်ကတည်းက ချစ်ခဲ့တဲ့ ငြိမ်းချမ်းရေးကို ခုလည်း ချစ်နေဆဲပဲ။ ငြိမ်းချမ်းရေး ဆိုတာ အချစ်ပဲ။ ငြိမ်းချမ်းရေးဆိုတာ အကုန်လုံး အကြုံးဝင်သွားတယ်။ လူနဲ့ ပါတ်သက်ရင် လူ့လောက၊ လူ့အဖွဲ့အစည်းအားလုံး အကြုံးဝင်တယ်။ ဒါဟာ ကျွန်တော်ရဲ့ ဖြတ်သန်းလာတဲ့ သမိုင်းခေတ်ရဲ့ အတွေ့အကြုံအရ ဒါကို နားလည်သွားတာ။

မိုးဇံ
၎ အောက်တိုဘာ ၂၀၀၀။
[ဗြူတီမဂ္ဂဇင်း၊ နိုဝင်ဘာ၊ ၂၀၀ခု မှ ကူးယူဖော်ပြပါတယ်။]


အပြည့်အစုံ..သို့ ...>>>

Friday, June 19, 2009

ဆရာကြီးဦးဖေသိန်း


.




အပြည့်အစုံ..သို့ ...>>>


ဒီစာကို Select ပေးပြီးရေးပါ...

Summary

Rest of your post

အပြည့်အစုံ..သို့ ...>>>


ဒီစာကို Select ပေးပြီးရေးပါ...

Summary

Rest of your post

အပြည့်အစုံ..သို့ ...>>>


ဒီစာကို Select ပေးပြီးရေးပါ...

Summary

Rest of your post

အပြည့်အစုံ..သို့ ...>>>


ဒီစာကို Select ပေးပြီးရေးပါ...

Summary

Rest of your post

အပြည့်အစုံ..သို့ ...>>>


ဒီစာကို Select ပေးပြီးရေးပါ...

Summary

Rest of your post

အပြည့်အစုံ..သို့ ...>>>


ဒီစာကို Select ပေးပြီးရေးပါ...

Summary

Rest of your post

အပြည့်အစုံ..သို့ ...>>>


ဒီစာကို Select ပေးပြီးရေးပါ...

Summary

Rest of your post

အပြည့်အစုံ..သို့ ...>>>

ဆရာကြီးဦးဖေသိန်း


ဒီစာကို Select ပေးပြီးရေးပါ...

Summary

Rest of your post

အပြည့်အစုံ..သို့ ...>>>

Saturday, June 13, 2009

ကြောင်နဲ့ငှက်
ရေးသူ-မိုးချိုသင်း

လူတွေများ စိတ်တွေညစ်ပြီဆိုရင် ဘာလုပ်တတ်ကြသလဲ ကိုယ်တွေးနေမိတယ်။ ကိုယ့်အဖို့မှာတော့ စိတ် မပျော်ရွှင်ရင် ကိုယ့်သားသမီးလို ဖြစ်နေတဲ့ ကြောင်လေးတွေနဲ့သာ ဆော့လိုက် ပွတ်သပ်လိုက် ကစားလိုက် နေမိတာပဲ။

သူတို့နဲ့နေရင် စိတ်ပင်ပန်းတာ စိတ် အခန့်မသင့်တာ အဆင်မပြေတာတွေလဲ ခဏတဖြုတ်တော့ မေ့တယ်။ မပျော်ရွှင်တဲ့ စိတ်တောင် လန်းလန်းဆန်းဆန်း ဖြစ်လာတတ်တယ်။ သူတို့အကြောင်း ပြောမယ် ရေးမယ် ဆိုရင် ပြောမကုန်၊ ရေးမကုန်။ ကြောင်လေးတွေနဲ့ စာရေးဖို့ ဂီယာပြန်နှိုးရသလိုပေါ့။


အရင်က ကြောင်လေးတွေ ခြံထဲမှာ လာပေါက်ရာက တဖြေးဖြေး သိမ်းသွင်းပြီး ကိုင်လို့ရလာတော့ အရင်ပေါက်တဲ့ ၅ကောင်က အိမ်ထဲမှာနေ၊ နောက်ပေါက်တဲ့ ၅ကောင်က ခြံထဲမှာနေလို့ အသီးသီး နယ်နိမိတ် သတ်မှတ်ထားကြတယ်။ နောက်တော့ ဆုံးတဲ့ကလေးက ဆုံး၊ အိမ်ပြောင်းတဲ့ ကောင်က ပြောင်း၊ ကားတိုက်တဲ့ ကလေးက အတိုက်ခံရဆိုတော့ အိမ်မှာ အခုဆို ၄ကောင်ပဲ ကျန်ပါတော့တယ်။ (ဆုံးတဲ့ ကလေးတွေ အကြောင်းတော့ မပြောပါရစေနဲ့တော့။)

ပဲများတဲ့ ပဲထုပ်ကလေး သမီးဖြူရယ်၊ အနက်ကြား အိုဘားမားရယ်၊ အထီးတကောင်တည်း ကျန်တဲ့ အကြီးကောင် ရယ်၊ နောက်တကောင်က စပယ်တင် တဲ့။ နှုတ်ခမ်းမှာ မှဲ့လေးလို ထင်းထင်း အနက်စက်ကလေး ရှိတာမို့ စပယ်တင် လို့ နံမည်ပေးလိုက်တာ။ ကြောင်ထီးထင်ပြီး အိုဘားမားလို့ နံမည် ပေးလိုက်ပြီးမှ အမ ဖြစ်နေသလိုမျိုး စပယ်တင် ပေးပြီးမှ အထီးဖြစ်နေရင် အခက်မို့ သေချာ ကြည့်ပါဟဲ့ လုပ်ရသေးတယ်။

အခု သူတို့အတွက် ခြံထဲမှာ ကိုယ့်အမျိုးသားက ကြောင်အိမ်ကလေး နှစ်လုံး ဆောက်ပေးထားတယ်။ အင်တာနက်ကနေ ကြောင်တွေအတွက် အိမ်ကို သေချာရှာ၊ ဒီဇိုင်း ထုတ်ပြီးမှ သုံးထပ်သားနဲ့ ဆောက်၊ ဆေးတွေသုတ်၊ ကော်ဇော ခင်းပြီး နေချင့်စဖွယ် လုပ်ပေးထားတာပါ။ သူတို့ကလဲ အဲဒီအိမ်လေးထဲမှာပဲ ၀င်အိပ်တယ်၊ နေပါတယ်။

ခြံထဲမှာ နေရပြီဆိုတော့လဲ နဂိုကမှ တောကြောင်စပ်လေးတွေဆိုတော့ ပိုပြီး ကြမ်းကြမ်းတမ်းတမ်း ကျားကျားယားယားတွေ ဖြစ်ကုန်တယ်။ နေ့တိုင်း အစာကျွေးနေတဲ့ ကိုယ်တို့ကိုတောင် စိတ်မထင်ရင် မထင်သလို ခီး ခီး နဲ့ ပြန်ဟောက်တတ်တယ်။ ဒါပေမဲ့ ဘယ်ကိုမှတော့ ထွက် မသွားဘူး။ အထူးအိမ်ခင် တဲ့ ထူးအိမ်ခင်တွေပါ။ ခြံထဲမှာပဲ လှဲလိုက် ဆော့လိုက် နေကြတယ်။

ကိုယ်တို့လဲ ကြည်နူးနေတာပေါ့။ သူတို့ သဘာဝအတိုင်း ဆော့ကြ၊ ကစားကြ၊ သစ်ပင်ပေါ် ပြေးတက်လိုက်ကြ နဲ့ဆိုတော့ စိတ်ချမ်းသာမိတာပေါ့။ ဒါပေမဲ့ အဲဒီပျော်ရွှင်မှုက သိပ်မကြာလိုက်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကလေးတွေက ပုတ်သင်ညိုတွေ ဖမ်း ဆော့၊ ကင်းလိပ်လျှောလို အကောင်မျိုးလေးတွေ ဖမ်းလာ၊ တခါကတော့ သူတို့လက်နဲ့ ဖိထားတဲ့ ခပ်လှုပ်လှုပ်ဟာလေး ကြည့်လိုက်တာ ငှက်ပေါက်စလေး ဖြစ်နေတာကိုး။

ငှက်ကလေးရဲ့ ခေါင်းကလေးကို အိုဘားမားက လက်နဲ့ ဖိထားတယ်။ ခဏနေတော့ လွှတ်လိုက်တယ်။ ငှက်က ကမူးရှူးထိုး ခုန်ဆွပြီး ပြေးတော့ တလှမ်း နှစ်လှမ်းလောက် လှမ်းပြီး ပြန်ဖိထားတယ်။ ပုံစံကတော့ တကယ့်အချဉ်ပဲ။ ဆော့တဲ့အရွယ်တွေဆိုတော့ မျောက်မူးလဲ တို့ လျှပ်စီးလက်တို့ နံမည် ပေးရမဲ့ အပေါက်။ ငှက်ပေါက်စလေးကို ၄ကောင်သား ဆော့လိုက်ကြတာ ဗြောင်းဆန်နေပါရောလား။

စားချင်လို့တော့ မဟုတ်တာ သေချာတယ်။ စားတာလဲ တခါမှ မတွေ့ဘူးလေ။ အစာလဲ ၀ နေတော့ ဆော့ရုံ ဆော့တာပါ။ ဒါပေမဲ့ “ကြောင် ကျီစားရာ ငှက်မခံသာ” ဆိုသလို ငှက်ပေါက်စလေးတွေလဲ သေကုန်သလား မသိ။ နောက်တနေ့ကစပြီး သူတို့ရဲ့ မဟာရန်သူ ပေါ်လာတော့တယ်။

ငှက်မကြီးလို့ ကိုယ်ထင်တာပဲ။ မနက်မိုးလင်းကတည်းက တံခါးဝမှာ စောင့်နေတယ်။ ခေါင်မိုးစွန်းမှာ နားပြီး အသံကုန် ခြစ် အော်နေတာပါ။ speaker corner များ ထင်နေသလား မသိ။ သူ့ရင်တွင်းခံစားချက်တွေ အကုန် ပေါက်ကွဲ၊ အော်ဟစ်။ ငါ့ကလေးတွေ ပြန်ပေး လို့ ကြောင်တွေကို အော်ဟစ် တောင်းဆိုလိုက်တယ်။

ကြောင်တွေကလဲ ခပ်တည်တည်ပဲ။ ပြန်ပေးစရာလဲ မရှိတော့။ ငှက်ကလေးတွေလဲ ဆော့တာ သေကုန်ပြီ။ ဒါနဲ့ မကြားချင်ယောာင် ဆောင်နေပုံပဲ။ ရုပ်တည်ကြီးနဲ့ အိုဘားမားဆိုရင် ငုတ်တုတ်ထိုင်နေတယ်။ အကြီးကောင်ကလဲ သူ မလုပ်သလိုလို။ အဖြူမကလဲ ငှက်ခေါင်းကလေး ငုံမိရုံပါဆိုတဲ့ အထာနဲ့။

ကိုယ်တို့ရဲ့ နောက်ဖေးထွက်တဲ့ အပေါက်ဝနားမှာ သူတို့ ကြောင်အိမ်ကလေးတွေ ရှိတာပါ။ အစာကျွေးရင်လဲ အဲဒီနောက်ဖေးပေါက်ကနေပဲ ထွက်ကျွေးတာ။ ငှက်ကလဲ အပီအပြင်ကို အပေါက်ဝမှာ လာစောင့်နေတာပါ။ လာစားရဲ စားကြည့်စမ်း၊ ထိုးသုတ်ပစ်မယ် လို့ ကြိမ်းဝါးနေပုံပါပဲ။ တကယ်လဲ လုပ်ရဲတဲ့ ငှက်မ ဆိုတာ ကြာတော့ ကိုယ်တို့လဲ သိလာရတယ်။

ငှက်က တကောင်တည်း၊ ကြောင်က ၄ကောင်။ ဒါပေမဲ့ ကြောင်လေးကောင်စလုံး စားကောင်းခြင်း မစားရ၊ ဆော့ကောင်းခြင်း မဆော့ရ။ အစာကျွေးချိန်ဆို စားမယ်ကြံရင် ကျောကုန်းကို ငှက်က ထိုးသုတ်လိုက်တယ်။ တခါ ငုံ့စားနေပြန်တော့ ကျောက အမွှေးတဆုပ် ငှက်လက်ကြားထဲ ပါသွားပြန်ပါရော။ ရေကလေး သောက်မယ်ကြံရင် နားရွက်ကို ဖြတ်သုတ် လိုက်လို့ နားစုတ်သွားပြန်ပါပေါ့။

အရင်ကလို ခြံထဲမှာ လှဲပြု ဘယ်နေနိုင်ပါတော့မလဲ။ ငှက်က မျက်စိထောက်ဒေါက် ကြည့်နေတော့တာကိုး။ ကြောင်ဆိုတာကလဲ လေးဖက်ထောက် သွားတဲ့ သတ္တ၀ါဆိုတော့ လမ်းလျှောက်နေတုန်း ငှက်ပျံလာတာကို မမြင်ရဘူးလေ။ ငှက်ကလဲ သူ့ကလေးတွေ သေထားတာဆိုတော့ မကျေနပ်နိုင်ဘူး။ သူသေ ကိုယ်သေ၊ ၄ကောင် တကောင်ချင်း ချမယ်လို့ ဆုံးဖြတ်ထားပုံရတယ်။

ကိုယ်တို့မှာတော့ “ငှက်ကလေးတွေ စိုးစီ စိုးစီ” လို့လဲ ကဗျာ မရွတ်နိုင်။ သံကုန်ခြစ် အော်နေတာ ဘယ်မှာ စိုးစီ ဖြစ်မှာတုန်း။ ငိုကြွေးနေတဲ့အသံဟာ လူစကား မဟုတ်တဲ့ ငှက်သံတောင် နားထောင်လို့ သာယာနာပျော်ဖွယ် မဖြစ်ဘူး။ သနားစရာ ကောင်းပါဘိ။

“တိရိစ္ဆာန်တွေဟာ အချိန်ကြာရှည် မမှတ်မိတတ်ဘူး၊ short term memory ပဲ ”ဆိုတာ ဘယ်မှာ မှန်လို့တုန်း။ ဒီငှက်က ကောက်ရိုးမီး ဟုတ်ပုံမရဘူး။ ကိုယ်တို့အိမ်မှာတော့ ကြောင် နဲ့ ငှက် စစ်ပွဲဟာ အခုဆို တပတ်ကျော် ကြာနေပြီ။ ကြောင်တွေကလဲ ဒီ ငှက်ကို အပြတ်ခုတ်လိုက်ဖို့ ကြံစည်နေတယ်၊ သစ်ပင်ပေါ်ကနေ လှမ်း ခုန်အုပ်တယ်၊ ကြောင်သာ ခြေကားယား လက်ကားယားနဲ့ မြေပေါ်ကျရတာ။ ငှက်ကတော့ ရွှတ်ကနဲ တချက်ခုန်ပျံသွားတယ်လေ။

ကြောင်တွေရဲ့ ကျောကို ပွတ်သပ်လိုက်ရင်လဲ အရင်လို မချောမွေ့တော့ဘူး။ ငှက်ကုတ်ရာ ဗလပွ နဲ့။ အမွှေးတွေလဲ တဆုပ် တဆုပ်နဲ့ နည်းတာ မဟုတ်။ လမ်းတောင် ဖြောင့်ဖြောင့် မလျှောက်ရဲ။ အစားတောင် ကောင်းကောင်း မစားရဲ။ ဘယ်အချိန်များ ငှက် လာကုတ်လေမလဲ တထိတ်ထိတ်နဲ့။ အိမ်ထဲမှာပဲ ပုန်းပြီး နေရတယ်။

မနေ့ကတော့ ကိုယ်လဲ ငါ့ကောင်တွေ ဘယ်လိုများ နေကြသလဲ လို့ ပြူတင်းပေါက်က လှမ်း အကဲခတ်လိုက်တာ မပြုံးဘဲ ၀ါးလုံးကွဲ ရယ်လိုက်ရတော့တယ်။ ဘာဖြစ်လို့လဲဆိုတော့ အိုဘားမားက ပက်လက်ကြီးလန်ပြီး မြက်ခင်းပေါ် လှဲနေရတော့တာကိုး။ ကိုယ်လဲ မွေးကတည်းက ကြောင်တွေ မွေးလာပေါင်း များပြီ။ တခါမှ ကြောင်တွေ မအိပ်ဘဲ ပက်လက်ကြီး လန်နေတာ မတွေ့ဖူးဘူး။

အခုတော့ ကြောင်လဲ ကျောစုတ်ပါများတော့ ငှက်ကုတ်မှာစိုးလို့ ပက်လက်ကို လန်ပြီး မျက်လုံးပြူး ကြည့်နေရတဲ့ အဖြစ်ကို ရောက်ပါလေရော။ ဒါမှ ငှက်လာကုတ်ရင် လက်နဲ့ ခြောက်ရမှာကိုး။ အဲဒါကိုကြည့်ပြီး ကိုယ်လဲ ရီမိတော့တာပေါ့။

တကယ်တော့ ကြောင်နဲ့ ငှက်ဆိုရင် ဘယ်သူအားသာသလဲ မေးစရာ မလို၊ သူငယ်တန်း ကလေးတောင် သိပါရဲ့။ ပြီးတော့လဲ ကြောင်က လေးကောင်၊ ငှက်က တကောင်။ အင်အားချင်းကလဲ မမျှ။ ဒါပေမဲ့ ငှက်ကလေးရဲ့ ဇွဲနဲ့ တစိုက်မတ်မတ်လုပ်ရပ်က အင်အားကြီးပါတယ်ဆိုတဲ့ ကြောင်တောင် ကြောက်ပြီး ပက်လက်လန်ရတဲ့ ဘ၀ ရောက်ရတာကိုး။

ကိုယ်လဲ ပြူတင်းပေါက် ဘောင်ပေါ်မှာ မေးတင်ပြီး မရပ်မနား လူးလာခေါက်ပြန် ပျံရင်းကြံနေတဲ့ ငှက်ကလေးကို ကြည့်ရင်း တွေးမိတဲ့ အတွေးတစကို စာရေးပြီး မှတ်တမ်းတင်လိုက်မိပါတော့တယ်။

မိုးချိုသင်း
{မိုးချိုသင်း ဘလော့မှ ကူးယူဖော်ပြပါတယ်။}



အပြည့်အစုံ..သို့ ...>>>

Thursday, June 11, 2009

ခုမရှိတော့ပြီဖြစ်တဲ့ လူတန်းစားတရပ်
ရေးသူ- လူထုဒေါ်အမာ

ဒုတိယကမ္ဘာစစ်ကြီး မဖြစ်ခင်တုန်းက ကျွန်မတို့ မန္တလေးမှာ လူ့အလွှာတလွှာ ရှိခဲ့ပါတယ်။ သူတို့က မြန်မာဘုရင်များရဲ့ အနွယ်တော် မင်းဆွေစိုးမျိုးတွေနဲ့ မင်းမှုထမ်း ၀န်ကြီး၊ မှူးကြီး၊ မတ်ကြီးများရဲ့ အဆက်အနွယ် များပါ။ ဟိုတုန်းကတော့ သူတို့က တခြားသူများနဲ့ သိပ်ရောရောနှောနှော မရှိလှဘူး။ မရှိပုံက ဒီလိုပါ။
ကျွန်မက ၁၂၇၇- ခု တန်ဆောင်မုန်းလပြည့်ကျော် (၈) ရက်မှာ မွေးသူဆိုပါတော့။ ပါတော်မူပြီး နှစ်ပေါင်း (၃၀) တိတိအကြာမှာ မွေးတဲ့ ဆင်းရဲသား သားသမီးပါ။ ဒါပေမယ့် ကျွန်မ ကြီးပြင်းတဲ့ ခေတ်မှာတော့ ဘုရင်နဲ့၊ နန်းတော်အိမ်တော်နဲ့၊ မှူးကြီးမတ်ရာဆိုသူတွေရဲ့ မြေး၊ တတိယမျိုးဆက်လောက်နဲ့က ကျွန်မနဲ့ ကစားဖက်၊ ကျောင်းနေဖက် အရွယ်တွေပေါ့။ ဒုတိယမျိုးဆက်ကိုတော့ ကျွန်မက လူကြီးတွေအဖြစ်နဲ့ တွေ့မြင်သိမှီခဲ့သူပေါ့။
ဒီလူတွေက တတိယမျိုးဆက်လောက်အထိ ကျွန်မတို့နဲ့ တစပ်တည်း တကျုံ့တည်း မဖြစ်ပုံက ဒီလိုပါ။ သူတို့က စကားပြောရင် ညင်ညင်သာသာနဲ့ ခပ်တိုးတိုးပဲ ပြောတတ်ပါတယ်။ အော်လား ဟစ်လား မရှိဘူး။ နင်ပဲငဆ မပြောဘူး။ ဆဲရေးတိုင်းထွာ မလုပ်ဘူး။ သူတို့နဲ့ ကျွန်မတို့နဲ့ စကားပြောရင် ကျွန်တော်၊ ကျွန်မ မသုံးဘူး။ သူတို့နာမည်ပဲ ထည့်ပြောတယ်။ ကျွန်မတို့က 'အမေသွားရင် ကျွန်မတို့လည်း အမြဲလိုက်တာပေါ့' ဆိုတဲ့ စကားမျိုးကို သူတို့က ပြောရင် 'မဘုရား နောက်က ထိပ်တင်တို့ ပါမြဲပေါ့' ဆိုတာမျိုး ပြောတတ်တယ်။ 'မယ်မယ်က ဘယ့်နှယ်၊ ခေါင်ခေါင်က ဘယ်သို့' ဆိုတာမျိုးဟာ သူတို့ အသုံးအနှုန်းပါ။


သူတို့ကို အင်္ဂလိပ်အစိုးရက တော်တော်ရင်းချာသေးတဲ့ ဆွေတော် မျိုးတော်ဆိုရင်၊ ပင်စင်ဆိုတဲ့ ရိက္ခာ၊ လစာပေးပါတယ်။ ကျွန်မသိသလောက် အိမ်ရှေ့ကိုယ်တော်ကြီး (ကနောင်မင်းသား)ရဲ့ သားတော် ထန်းတပင် မင်းသား၊ ထန်းတပင်မင်းသားရဲ့ မြေးတော် ကျွန်မသူငယ်ချင်း ထိပ်တင်မျိုးတို့၊ ထိပ်တင်တိုးတို့ ညီအမ ပင်စင်လစာ တလ ၁၅ိ/- ရပါတယ်။ ဒီ ၁၅ိ/- က ကျောင်းထားတော့ ကျောင်းလခနှုတ်တဲ့အခါ (၉ိ/-) ပဲ ကျန်ပါတယ်။ အဲဒါဟာ ထမင်းဖိုးမှ အနိုင်နိုင်ပါ။ အ၀တ်အစားဖိုး မကျန်ပါဘူး။ အဓိပ္ပါယ်က မသေရုံတော့ ကျွေးထားတယ် ဆိုတဲ့ သဘောပါပဲ။
ဒါပေမယ့် အဲဒီ မင်းမျိုး စိုးမျိုးတွေက ၀င်ငွေနည်းလှပါသကောလို့ တခြားအလုပ်လည်း ဘာအလုပ်မှ လုပ်မစားကြပါဘူး။ (၁၀ိ/-) နဲ့ ၀ယ်ပြီး (၁၀ိ/-၈ဲ) နဲ့ ရောင်းတယ်။ (၁၁ိ/-၈ဲ) နဲ့ ရောင်းတယ်။ (၁၀ိ/-) ရင်းတော့ ငါးမူးမြတ်တယ်၊ တကျပ်မြတ်တယ် ဆိုတဲ့ အရောင်းအ၀ယ်မျိုးလည်း သူတို့ လုပ်မစားတတ်ဘူး။ သူများဆီမှာ လခစားဆိုတဲ့ အလုပ်မျိုးကိုလည်း သူတို့က ဘယ်တော့မှ မလုပ်ဘူး။ မစားလောက်ရင် ရှိတာလေးတွေ ရောင်းချ၊ ပေါင်နှံပြီး ခြိုးခြိုးခြံခြံ ချွေချွေတာတာ သုံးစွဲစားသောက်ပြီး အသက်ရှင်ကြတာပဲ။ သူတို့ သူများဆီမှာ မျက်နှာအောက်ကျခံပြီး ချေးပါ၊ ငှားပါ၊ ပေးပါ၊ ကယ်ပါ လို့လည်း လျှာမြက်ပေါက်ပါစေ၊ ဘယ်တော့မှ မပြောပါဘူး။ ဒီလိုနဲ့ ပိန်လိန်ပြီး နေကြတာပါ။
သူတို့အပေါ် တကယ်သစ္စာရှိတဲ့၊ တကယ်မြတ်နိုးတဲ့ သူတို့ ကျေးတော်မျိုး၊ ကျွန်တော်မျိုးတချို့က သူတို့ နန်းတော် အိမ်တော်ထဲမှာ အသုံးပြုခဲ့တဲ့ ပစ္စည်းပစ္စယလေးမျိုးများကို လက်နဲ့လုပ်ကိုင်ရောင်းချပြီး လုပ်ကျွေးပါ တယ်။ ဒါကလည်း ဘယ်လောက်ရအောင် ရှာနိုင်မှာလဲ။ ဥပမာ ကျွန်မသိသလောက် ရေးပြပါမယ်။ ဖော့ကို ရေစိမ်ပြီးတော့ ဓားနဲ့လှီး၊ အဖတ်ကလေးတွေ ဆေးဆိုးပြီး ဖော့ပန်းကလေးတွေ လုပ်ရောင်းတယ်။ မန္တလေးက မျက်နှာကြီး အလှူမင်္ဂလာဆောင်တွေမှာ ဖလားစုံကွမ်းအစ်များ တည်တဲ့အခါ ကွမ်းအစ်ထဲ အလှထည့်တဲ့ လေးညှင်းပွင့် နာနတ်သီး လုပ်ရောင်းပါတယ်။ လုပ်ပုံက ဖော့ကလေးကို နာနတ်သီးပုံလှီးပြီး အသီးရဲ့ မျက်ကွင်းအနေနဲ့ လေးညှင်းပွင့်ကလေးတွေ ထိုးထည့်ထားတာပါ။ ပြီးတော့ ရောင်ပြားကလေးနဲ့ နာနတ်သီးအရွက်နဲ့ အရိုးကို အထက်အောက်မှာ စိုက်ပေးပါတယ်။
ဆေးကပ်လုပ်ရောင်းပါတယ်။ ကွမ်းဝါးဆေး၊ ဆေးရွက်ကြီးကို အခေါက်ခေါက်ထပ်ပြီးတော့ အဲဒီ အထပ်ကို ရောင်ပြားစက္ကူနဲ့ ကပ်ညှပ်ပြီး အပ်နဲ့ချုပ်နှောင်ပါတယ်။ ပြီးတော့ ဆေးထပ်ကို ၀ိုင်းသွားအောင် ကိုက်ပြီး အထက်မှာ ရောင်ပြားလိပ်ပြာကလေး၊ ငွေချည်နှုတ်ခမ်းမွေးကလေးနဲ့တကောင် ဆေးထပ်ပေါ်နားနေဟန် လုပ်ထားပါတယ်။ ကွမ်းတအစ်ကို တခု ထည့်ဖို့ပါ။ အဲဒါမျိုး အလှူမင်္ဂလာတွေက မှာကြားရင် (၁၀၀၊ ၂၀၀) လုပ်ရောင်းပါတယ်။ ကျွန်မတို့ ငယ်ငယ်က အလှူကြီးတွေ လိုက်ရရင် ကွမ်းအစ်ထဲက လေညှင်းပွင့် နာနတ်သီးတို့၊ ဆေး လိပ်ပြာကပ်တို့ကို နှိုက်ယူလာခဲ့ကြတာပါ။
အလှူ၊ မင်္ဂလာ လက်ဖက်ပွဲမှာ ထည့်ဖို့ ကြက်သွန်ဖြူကြော်များ ကြော်ပေးပါတယ်။ သူတို့ ကြက်သွန်ဖြူကြော်က ဥတလုံး ဒေါင်းသိုး ကြက်သွန်ဖြူ အမြစ်ရှည်ရှည်ကလေးကို ပိုးတီလှီးထားပြီး ပိုးတီကို ဆန့်ကြော်ပါတယ်။ ဥက အမြိတ်ကလေးက ပိုးတီရဲ့ ခေါင်းလေးလို နေတာမို့ ခေါင်းပိုင်မှာ မျက်စိနှစ်ပေါက် ဆေးနက်ကလေးနဲ့ ထည့်ပေးပါတယ်။ ဒါကြောင့် ကြက်သွန်ပိုးတီကြော်က ပိုးကောင်ကလေးနဲ့ တူနေပြီး လှလည်းလှ ဆန်းလည်းဆန်းကြယ်ပါတယ်။ အဲဒီကြက်သွန်ကြော် (၁၀၀၊ ၂၀၀) စသဖြင့် ရာနဲ့ချီမှာပြီး ၀ယ်ရ ပါတယ်။
ဒီလိုဟာတွေက ရှေးကတော့ နန်းတော်အိမ်တော်ထဲမှာ အားနေတဲ့ ခြွေရံသင်းပင်းက စိတ်ကူးရတာကို အဆန်းအပြား အလှအပ လုပ်ပြီး၊ ဆက်သတာများ ဖြစ်ပါလိမ့်မယ်။ ကျွန်မတို့ သိမီတဲ့ခေတ်မှာ သူတို့ အရှင်သခင်များ ခရမ်းသီးပိန်၊ ဓားတုံးဘ၀မှာ မ၀ရေစာ ပင်စင်နဲ့ မတ်တတ်ခြောက်နေတော့ မကြည့်ရက်လို့ တပည့်တပန်းများက တတ်တဲ့ပညာနဲ့ ရှာဖွေကျွေးတဲ့ ပုံစံပါ။ ဒီပုံစံက ဘယ်လောက်များ ၀လင်နိုင်ပါ့မလဲ။
မန္တလေးမြို့မှာ ပုရစ်ပေါ်တဲ့ အခါမှာတော့ အဲဒီအိမ်တော်တွေမှာ ဥပြောင်းကြော် ဆိုတာမျိုး စားကြပါသတဲ့။ ဥပြောင်းကြော်ဆိုတာက ပုရစ်တို့ထုံးစံ အမက ဥတွဲတွေနဲ့မို့ ဆိမ့်တယ်။ အဖိုက ဥမပါဘူး။ ဒါပေမယ့် ချိုတယ်။ အဲဒါ ချိုတဲ့ ပုရစ်အဖိုရဲ့ ကိုယ်ထဲကို ဆိမ့်လှတဲ့ ပုရစ်အမက ဥတွေကို ဖောက်ညှစ်ထည့်ရပါတယ်။ ထည့်တာက ဖင်က ထည့်တာပါ။ ပြီးရင် ဒီဥတွေ ပြန်ထွက်မကျအောင် ကြက်သွန်ဖြူဥကလေးနဲ့ ဖြစ်စေ၊ ၀က်သားတုံး သေးသေးလေးနဲ့ ဖြစ်စေ၊ ပိတ်ဆို့ပေးရပါတယ်။ ပြီးမှ ဥပြောင်းပုရစ်ကို ကြော်တာပါ။ ချိုပြီး ဆိမ့်နေမှာပေါ့။ ကျွန်မတို့က ကြားသာ ကြားဖူးပါတယ်။ မစားဖူးပါဘူး။ လုပ်လည်း မလုပ်အားကြပါဘူး။ အိမ်မှာ ပုရစ်ကြော်တယ်ဆိုရင် ချေးမှ အနိုင်နိုင်ထုတ်ပြီး ကြော်နိုင်တာပါ။
ကျွန်မတို့က သူတို့လက်ရာကလေးတွေကို ၀ယ်ယူသုံးစွဲ စားသောက်ရတယ်ဆိုရင် ရင်ထုမနာ ရှိပါတယ်။ သူတို့ကို သနားတာကိုး။ သူတို့က အရှင်သခင်မရှိတော့တဲ့ခေတ်မှာ သူတို့ အဲဒီလိုပဲ အသက်ရှင်နေတာကို ကျွန်မတို့က ၀မ်းနည်းပြီး သနားနေကြတာပါ။
အလှူမင်္ဂလာပွဲ ပွဲနေပွဲထိုင်ရှိလို့ ကျွန်မတို့က သူတို့ကို ဖိတ်တယ်၊ ကြားတယ်ဆိုရင်လည်း လာပါတယ်။ လာတဲ့အခါ သူတို့ ဖီးလိမ်းဝတ်စားလာပုံက ဆံပင်ကို ဆီလိမ်းပြီး သပ်သပ်ရပ်ရပ် နှစ်ပတ်ရစ်ထုံးနှောင်ပါတယ်။ ရှေ့မှာ လိပ်ခွံဘီးအ၀ိုင်းကို စိုက်ထားပါတယ်။
တရုတ်အင်္ကျီရင်ဖုံးနဲ့ ကွင်းထဘီကို ခပ်ရှည်ရှည် ဒရင့်တိုက်နီးပါး ၀တ်ပါတယ်။ ပြီးတော့ ငါးတောင်ပုဝါကို စုံချပြီး ဒေ၀ီခြုံဖြန့် ခြုံထားပါတယ်။ ဘာတွေ ၀တ်ခဲ့ ၀တ်ခဲ့ သူတို့ အ၀တ်အစားကတော့ သစ်လွင်တောက်ပြောင်မှု မရှိတော့ပါဘူး။
ပရိသတ်တွေနဲ့ တွေ့တော့လည်း ဖော်ရွေစွာ ပြုံးရွှင်မှုပြပေမယ့် ပရိသတ်ထဲမှာ ဖောင်လောက်အောင် စကားပြောနေတဲ့ လူရယ်လို့ မရှိသလောက်ပါ။ ကျွန်မတို့ ဘေးလူက သူတို့ကိုကြည့်ပြီး ရင်ထဲ ခံစားရပုံကတော့ သူတို့ဘ၀ဟာ မှေးမှိန်လိုက်တာလို့ပဲ ခံစားရပါတယ်။
ဒီလူမျိုးတွေ ဒုတိယကမ္ဘာစစ်ကြီး ပြီးတဲ့ နောက်မှာတော့ မရှိတော့ပါဘူး။ ဆွေတော်မျိုးတော် ပင်စင်ဆိုတာလည်း ဗြိတိသျှအစိုးရမှ မရှိတော့ဘဲ။ ပေးတဲ့လူ မရှိတော့ဘူးပေါ့။ ပြီးတော့ တချို့က အိုမင်းရင့်ရော်လို့ သေဆုံးကုန်ကြတယ်။ ငယ်ရွယ်သူတွေကလည်း သာမန် ဆင်းရဲသားများနဲ့ ရောနှောကုန် ကြတယ် ထင်ပါရဲ့။ မင်းဆွေ မင်းမျိုးဆိုလို့ အလွန်ကို နည်းပါးသွားပါတော့တယ်။
ကျွန်မတို့ အခုတွေ့နေရသေးတဲ့ စတုတ္ထသမီးတော်ရဲ့ သားသမီးတွေ ဆိုတာကလည်း ကျွန်မတို့ သိတဲ့ တော်ဘုရားကလေးတို့ဆိုရင် နိုင်ငံရေးနယ်ပယ်ထဲ ရောက်လာပြီး လူဆင်းရဲတွေနဲ့ တသားတည်းဖြစ်အောင် ဘယ်လိုနေပါတယ် ဆိုဆို သူတို့ကို ဗြိတိသျှတွေက ပြည်သူနဲ့ ရောနှောမှုမရှိအောင် ဘိုကျောင်းတွေမှာ ထားပြီး ငယ်ငယ်လေးကတည်းက ပညာသင်စေခဲ့တာမို့ ထမင်းစားရင် လက်နဲ့ မစားတတ်ဘူး။ ဇွန်းခက်ရင်းနဲ့ စားချင်တယ်။ မြန်မာစကားကို ရေရေလည်လည် မပြောတတ်ပေမယ့် အင်္ဂလိပ်လို ပြောရမယ်ဆိုရင်၊ ကျကျနန ပြောဆို ရေးသားတတ်တယ်။ သူတို့ ခမျာ မြန်မာဖြစ်အောင်မနည်းကြိုးစား သင်ကြားနေကြရပါတယ်။
ခုဆိုရင် ဘုရင်မရှိတော့တာ နှစ်ပေါင်း (၁၁၆) နှစ် ရှိပြီ မဟုတ်လား။ အဲဒီတော့လည်း လူမျိုးဆက် (၄-၅) ဆက် ကြာလေပြီမို့ အဲဒီလူစားတွေ ရောနှောပျောက်ကွယ် သွားကြပြီဆိုရင် မဆန်းတော့ဘူးပေါ့။

လူထုဒေါ်အမာ
[ရွှေအမြုတေရုပ်စုံမဂ္ဂဇင်း၊ အမှတ် ၁၄၆၊ ဇန်န၀ါရီ ၂၀၀၂]
{မန္တလေးအနှစ်၁၅၀ပြည့် မဂ္ဂဇင်း၊ ၂၀၀၉ မေလ၊ ပထမအကြိမ် မှ ကူးယူဖော်ပြပါတယ်။}

အပြည့်အစုံ..သို့ ...>>>

ကိုဗဟိန်းသို့ စကားကြွေး
ရေးသူ- လူထုဒေါ်အမာ


မေလထုတ် မြန်မာ့ဓန မဂ္ဂဇင်းထဲမှာ ဆူးငှက်က မန္တလေးက ရွာဟိုင်းသင်္ချိုင်း နေရာဟောင်းမှာ ရဲဘော်ဗဟိန်းရဲ့ အုတ်ဂူလေးရှိသေးတယ်လို့ ဖတ်ရတော့ ဟိုလွန်ခဲ့တဲ့ နှစ်ပေါင်း (၆၀) တုန်းက အမေ ကိုဗဟိန်းအပေါ် မရိုးမသား ရှိခဲ့တာကလေး ပြန်ပေါ်လာရတယ်။
ပြန်ပေါ်လာရုံ၊ အမှတ်ရရုံမက စိတ်မကောင်းလည်း ဖြစ်မိတယ်။ ဘာလို့လဲဆိုတော့ သူ့ကို ကိုယ်က ဘာမှ ပြောလို့ရတဲ့ ဘ၀မျိုးမှ မဟုတ်တော့ဘဲကိုး။


ကိုဗဟိန်းနဲ့ အမေတို့က မန္တလေးမှာ နေကြတာက ဂုန္တန်ဝင်းနဲ့ ယွန်းတန်းဆိုတော့ မန္တလေးလို တပြပဲ အိမ်ချင်းက ဝေးကြတာမို့ အိမ်နီးချင်းတွေပေါ့။ ပြီးတော့ နှစ်ယောက်စလုံးက ဆရာကြီးဦးရာဇတ်တပည့် နေရှင်နယ်ကျောင်းသားတွေ။ အတန်းချင်းတော့ မတူပါဘူး။ သူက ငယ်တာကိုး။ နောက်ဦးလှနဲ့ အမေနဲ့ အကြောင်းပါလာတော့ ဦးလှနဲ့ ကိုဗဟိန်းက အရင်ကတည်းက သိကျွမ်းပြီးသားတွေ ဖြစ်တဲ့အပြင် ဦးလှ မန္တလေးသားဖြစ်လာတော့ ကိုဗဟိန်းအဖေ ဦးလေးမှင်က ဦးလှကို ပိုပြီး ခင်တယ်၊ ချစ်တယ်လေ။ ဦးလှက မန္တလေးမှာ သူ့အမျိုးရှိတယ်ဆိုရင် အဲဒါ ဦးလေးမှင်ပဲလို့ အောက်မေ့တယ်။ ဒါကြောင့် သူ့သား သားဦး ကိုစိုးဝင်း မွေးတော့ လသားကလေး ရှိသေးတယ်။ မချီတတ် ချီတတ်နဲ့ အနှီးထုပ်ချိုင်းညှပ်ပြီး ထီးကြီးတချောင်းဆောင်းလို့ သူ့ ဦးလေးမှင်ကို သူ့သား သွားပြသတဲ့။
အမေ ဒီအကြောင်းတွေ ပြန်ရေးနေတာက အမေနဲ့ ကိုဗဟိန်းနဲ့ ရင်းနှီးပုံကို သိစေချင်လို့ပါ။ အမေက ၁၉၃၅ ခုနှစ်လောက်ကစပြီး ၀တ္ထုတိုကလေးတွေ ကြီးပွါးရေးထဲမှာ ရေးနေတယ်။ အဲဒီလိုရေးရင်း တနေ့တော့ ကြီးပွါးရေးထဲမှာ မြမဉ္ဇူ ကလောင်အမည်နဲ့ အမေရေးတဲ့ "ဒေါသ" ဆိုတဲ့ ၀တ္ထုတိုကလေး ပါလာတယ်။ ဒီဝတ္ထုတိုကလေးကို ကိုဗဟိန်းက ကြိုက်လွန်းလို့တဲ့၊ အိမ်ကိုလာပြီး သူက သူ ဒီဝတ္ထုတိုကို ကြိုက်တဲ့အကြောင်း ချီးကျူးဝမ်းသာစကား လာပြောတယ်။
ဒီဝတ္ထုတိုကလေးဟာ ၁၉၃၇ ခုနှစ်က ကြီးပွါးရေး အောက်တိုဘာလထုတ်မှာ ပါတာပါ။ အဲဒီတော့ အမေ့အသက်က (၂၂) နှစ်၊ စာရေးသက်က (၂) နှစ်ပေါ့။ ကိုဗဟိန်း ချီးမွမ်းတာကို အမေက သဘောကျပြီး အဲဒါ ကိုယ်ပိုင်အတွေးနဲ့ ရေးတာ မဟုတ်ဘူး။ The Wrath ဆိုတဲ့ ၀တ္ထုတိုတပုဒ်ကို မှီးတာလို့ ဖွင့်မပြောဘူး။ တိတ်တိတ်ကလေး မြုံပြီး သူ့အချီးအမွမ်းကို ခံနေလိုက်တယ်။ ဒါပေမယ့် ကိုဗဟိန်း ချီးမွမ်းတုန်းက ကိုယ်ပီတိ ဖြစ်လိုက်ရတာက ဘယ်နှမိနစ် ကြာလေမယ်တော့ မသိဘူး။ ငါ့နှယ်နော်၊ ကိုဗဟိန်းအပေါ် မရိုးသားလိုက်တာ တကယ်ဆိုတော့ ငါ ဖွင့်ပြောလိုက်ဖို့ ကောင်းတာဆိုပြီး စိတ်မကောင်း ဖြစ်လိုက်ရတာဟာ အဲဒီအချိန်ကစပြီး ယနေ့ထက်ထိ သတိရတိုင်း ဆိုပါတော့။
ကိုဗဟိန်း မကွယ်လွန်ခင်က မန္တလေးဆေးရုံကြီးပေါ်မှာ ဆေးရုံတက်နေရတယ်ဆိုတော့ အမေနဲ့ ဦးလှနဲ့ သွားမေးကြသေးတယ်။ မန္တလေးဆေးရုံကြီးက အဲဒီတုန်းက ဒေါက်တာမတ်ရဲ့ သံတဲကျောင်းနဲ့ စိန်ပီတာကျောင်း တွေမှာ ဆေးရုံလုပ်ထား၊ ဖွင့်ထားရတာ။ ကိုဗဟိန်းကို သံတဲကျောင်းက အဆောင်တခုမှာ တင်ထားတာ။ မှတ်မိသေးတယ်။ ကိုဗဟိန်းက နေမကောင်းတုန်းလည်း သူ့အပြုံးကလေးကတော့ ပျောက်ကွယ်မသွားဘူး။ အမေတို့ နှစ်ယောက်ကို ပြုံးပြီး ဧည့်ခံနေရှာတာ။ အဲဒီတုန်းကလည်း အမေက ကိုဗဟိန်းကို "ဒေါသ" ၀တ္ထုတိုဟာ ကျွန်မ original မဟုတ်ဘူး၊ မှီးတာလို့ ဖွင့်ပြောဖို့ သတိရတယ်။ နို့ပေမယ့် ရှက်လို့ မပြောဝံ့တာနဲ့ မပြောခဲ့ဘူး။
နောက်တော့ ကိုဗဟိန်း ဆုံးရှာပါရော။ သူဆုံးတာ ၁၉၄၆ ခု နိုဝင်ဘာ (၂၀) ရက်နေတဲ့။ သူဆုံးသွားပြီဆိုတော့ ပြီးပါရော၊ ငါ သူ့ကို ဘယ်တော့မှ ဖွင့်ပြောလို့ ရတော့မှာ မဟုတ်ဘူးဆိုပြီး ကိုယ့်မရိုးသား လိုက်မှုအတွက် ပိုပြီး စိတ်အနှောင့်အယှက် ဖြစ်ကျန်ရစ်တယ်။
ခုဆိုရင် ရဲဘော်ဗဟိန်း မရှိရှာတာ (၅၂) နှစ် ရှိပြီပေါ့။ ဘယ်နှနှစ် ရှိရှိ၊ အမေ မသေသေးလို့ ရဲဘော်ဗဟိန်းအကြောင်း အမေ့အသိထဲ တနည်းနည်းနဲ့ ပေါ်လာတယ်ဆိုရင် ဒီကိစ္စ ပေါ်လာမှာပဲ။ ပေါ်လာရင်လည်း ကိုယ့်ဘာသာ ငါသိပ်ညံ့တာပဲ၊ ရှော်တာပဲလို့ အပြစ်ဆိုမိတာပဲ။ ပြီးတော့ စိတ်ထဲ ရှက်နေပါရော။
အဲဒီတော့ သားတို့ သမီးတို့ကို အမေပြောချင်တာက ကိုယ့်စိတ်ထဲ မတော်မှန်းသိတဲ့ အပြစ်တခုကို မကျူးလွန်မိပေစေနဲ့။ မကျူးလွန်ဖြစ်အောင် ချုပ်တည်းလို့ ဖြစ်စေ၊ ရှောင်ရှားလို့ဖြစ်စေ နေလိုက်ကြပါ။ မဟုတ်ရင် ကိုယ့်လိပ်ပြာက ကိုယ်ပြန်နှောက်ယှက်တာဟာ မူလ ကျူးလွန်မိရတာမျှမက အလွန်ဝန်လေးနေတတ်တယ်။
အမေကတော့ စိတ်ထဲမှာ "ကိုဗဟိန်းရေ- အဲဒီတုန်းက ကျွန်မ ရှော်ခဲ့တာ၊ ဟန်လုပ်ချင်ခဲ့တာ၊ မရိုးသားခဲ့မိတာကို အတန်တန် ၀မ်းနည်းစကားပြောမိပါတယ်။ ရှင် ကြားနိုင်တဲ့ ဘ၀ဆိုရင် ကောင်းပေစွ" လို့ ပြောစမ်းချင်လှပါတယ်။

လူထုဒေါ်အမာ
[မြားနတ်မောင်မဂ္ဂဇင်း၊ အမှတ် ၇၄၊ ၁၉၉၈ ဇူလိုင်]
{လူထုဒေါ်အမာရဲ့ 'လွမ်းသူ့စာ' စာအုပ်၊ ပထမနှိပ်ခြင်း၊ ၂၀၀၃ ဖေဖော်ဝါရီမှ ကူးယူဖော်ပြပါတယ်။}

အပြည့်အစုံ..သို့ ...>>>

Tuesday, June 2, 2009

အနီရင့်ရင့်အကွက်ကျဲကျဲ
ရေးသူ- ခက်မာ


မနေ့က နေ့လယ်မှာ ချောင်းထဲ ငါးဆင်းဖမ်းရင်း အေးရီမလက်ကို သံပြားရှသွားတယ်တဲ့။ 'အမေဆေးထည့်ပေးပါ' ဆိုပြီးလာပြတော့ လက်မှာ သွေးချင်းချင်းနီနေတာပဲ။ ဒါနဲ့ ဆေးတို့ဖတ် သိပ်ပေးလိုက် ရတယ်။ ညကျတော့ တဟင်းဟင်း ညည်းပြီး ဖျားရော။ အပူတွေ တက်နေလိုက်တာများ သူ့နဖူးပေါ်မှာ လက်ကို ကြာကြာတင်မထားနိုင်ဘူး။ ဦးဟုတ်စွမ်း ကုန်စုံဆိုင်က ပါရာစီတမောတလုံး ၀ယ်တိုက်လိုက်ပြီး အိပ်ခိုင်း လိုက်တယ်။

မနက်ကျတော့ ကိုယ်နည်းနည်း ပူနေသေးပေမယ့်၊ ညတုန်းကလို ခြစ်ခြစ်တောက် မပူတော့ဘူး။
"အမေ ... သမီးနေကောင်းသွားပြီလား"
အေးရီမက ထဘီအဟောင်းလေး ပြောင်းလဲရင်း မေးတယ်။
"ဟဲ့ လုံးလုံး ကောင်းတာမဟုတ်သေးဘူး။ ဘာလုပ်မလို့လဲ"
"ငါးဆင်းစမ်းမလို့"
"အလိုတော် ... ညည်းတော်တော် သေချင်နေတယ်ပေါ့ ဟုတ်လား"
အေးရီမက မျက်လုံးဝိုင်းလေးနဲ့ ငေးကြည့်နေတယ်။ တခုခုပြောမလို့ အားယူနေတဲ့ပုံပါပဲ။ ခဏကြာမှ အသံတိုးတိုးနဲ့ ပြောရှာတယ်။
"သမီးစောင်ဝယ်ချင်လို့ပါ"
"စောင် ဟုတ်လား"
"ဟုတ်တယ် အမေ။ သမီးစောင်က စုတ်နေပြီ။ ပြီးတော့ အငယ်မနဲ့ တွဲခြုံရတာဆိုတော့ မလုံတော့ဘူး။ မိုးလင်းခါနီးဆို အရမ်းချမ်းတာပဲ။ အဲဒါကြောင့် စောင်ဝယ်ချင်လို့ နေ့ခင်းဘက်ဆို သမီး ငါးစမ်းပြီး ရောင်းရင်း ပိုက်ဆံစုထားတာ။ ခုဆို ပြည့်တော့မယ်ထင်တယ်။ မြန်မြန်ပြည့်သွားအောင် ငါးဆင်းစမ်းချင်တယ်"
ညှိုးရိပ်သန်းနေပြီး မျက်ရည်တွေ ဝေ့နေတဲ့ သမီးမျက်နှာကို ငေးကြည့်နေမိတယ်။ တကယ်ဆို အေးရီမဟာ ဆယ့်သုံးနှစ်ပဲ ရှိပါသေးတယ်။ သားသမီးရဲ့ လိုအပ်ချက်တွေကို စောင့်ကြည့် ဖြည့်ဆည်းပေးရမှာ မိဘတွေရဲ့ တာဝန်မဟုတ်လား။ ဒါပေမယ့် ....
"သမီးစုထားတဲ့ ပိုက်ဆံ ပြစမ်း။ လိုတာကို အမေ့ကုန်စိမ်းစာရင်းထဲက နည်းနည်း စိုက်ဝယ်ပေးမယ်။ နောက်နေ့ ကုန်စိမ်းကို အရင်းလျှော့ပြီး ၀ယ်လိုက်မှာပေါ့"
အေးရီမက ကမန်းကတန်း အခန်းထဲ ပြေးဝင်သွားတော့ ဆွေးမြည့်နေပြီဖြစ်တဲ့ ၀ါးကြမ်းခင်းတွေက တကျွိကျွိမြည်ပြီး ယမ်းခါရင်း ကျန်ခဲ့တယ်။ အေးရီမတို့ အဖေဆုံးတာပဲ (၅) နှစ်ပြည့်ခါနီးပြီး။ ဒီအိမ်ကလေးက အေးရီမတို့ အဖေ မဆုံးခင် လေးငါးနှစ် ကတည်းက ဆောက်ထားတဲ့ဥစ္စာပဲ၊ နေလို့ဖြစ်သေးတာ ကံကောင်းတယ်။ အဖေမရှိတဲ့ကလေးတွေကို ၀မ်းဝအောင် တနေကုန်တနေခန်း ရုန်းကန်ရှာဖွေနေရတာနဲ့ အိမ်ထဲက ကိုယ့်သားသမီးတွေ ဘယ်လိုနေလို့ ဘယ်လိုထိုင်ကြသလဲ ဆိုတာ မကြည့်မိတာ ကြာလှပေါ့။
"အမေ ဒီမှာ"
အေးရီမ ငါးဖမ်းပြီး စုထားတဲ့ ပိုက်ဆံတွေ။ အကြီးဆုံး ငါးဆယ်တန်ကစလို့ ငါးကျပ်တန် အဆုံး ညစ်နွမ်းနွမ်း စိုထိုင်းထိုင်းလေးတွေ။ နှစ်ရာ၊ နှစ်ရာရှစ်ဆယ်။ သုံးရာကိုးဆယ့်ငါး။
"မနက်ဖြန်ကျရင် အမေလိုတာ စိုက်ပြီး မြို့မှာ အညာစောင်လေးတထည် သွားဝယ်ပေးမယ်နော်"
အေးရီမရဲ့ အဖျားကြောင့် ညှိုးငယ်နေတဲ့ မျက်နှာလေး ၀င်းထိန်သွားတယ်။
စောင်ကလေးက ခြောက်ရာကျတယ်။ အနီရင့်ရင့် အကွက်ကျဲကျဲလေး။ အသားနည်းနည်း ပါးပေမယ့် နွေးမှာပါ။ အိမ်မှာ ကျန်ခဲ့တဲ့ သမီးအေးရီမတော့ စောင်ရတော့မယ်တွေးပြီး ပျော်နေတာနဲ့ အဖျားကျလောက်ပါပြီ။ စက်သံငြိမ့်ငြိမ့်နဲ့ တရိပ်ရိပ်ပြေးနေတဲ့ ဧရာဝတီသင်္ဘောကြီးက နှေးနေသလိုပဲ။ အိမ်စောစောပြန်ရောက်တော့ ညနေ ကုန်စိမ်းရောင်းချိန် မီနိုင်တာပေါ့။
ဟော ... ဒီမြစ်အကွေ့ကျော်ရင် ရွာကို လှမ်းမြင်နေရပြီ။ ခင်းထိုင်ထားတဲ့ သတင်းစာဟောင်းလေး ပြန်ခေါက်၊ ကြွပ်ကြွပ်အိတ် အနီလေးကို ချိုင်းကြားညှပ်ပြီး သင်္ဘောလက်ရန်းနား ကပ်ရပ်နေလိုက်တယ်။
ရွာကို သင်္ဘောကပ်ဖို့ ပြင်နေတော့ ကမ်းနဖူးက လူအုပ်ထဲမှာ အေးရီမကို မြင်ရတယ်။ ကောင်မလေး နေမကောင်းလျက်နဲ့ သင်္ဘောဆိပ်ဆင်းလာတယ်။ ကဲကိုကဲတယ်လို့ တွေးမိပေမယ့် နှုတ်ခမ်းကတော့ ပြုံးမိတယ်။
"အမေ ... အမေ .. သမီး ဒီမှာ .. ဒီမှာ..."
အေးရီမရဲ့ အော်သံလေး ကြားရပြီ။ သင်္ဘေပေါ်က ကုန်းဘောင်လည်း ကမ်းပေါ်ထိုးချနေပြီ။ အို လူတွေကလည်း တိုးဝှေ့ ဆင်းလိုက်ကြတာ။ ကုန်းပေါ် မရောက်ဖူးတဲ့အတိုင်းပဲ။ ဒီကျောင်းသူမလေးနောက်က ကပ်လိုက်မှ။
"ဟဲ့ ဟဲ့ နောက်က အထမ်းသမားကြီးရဲ့ ထမ်းပိုးကြီးက ဘယ်လိုလဲ လူကို လာထိုးနေပါလား"
ဒန်အိုးဒန်ခွက်တွေကို အထမ်းထဲ ထည့်ရောင်းတဲ့ အဘိုးကြီးက တောင်းပန်တဲ့ မျက်လုံးနဲ့ လှမ်းကြည့်ပေမယ့် ကွမ်းတွေငုံထားတဲ့ ပါးစပ်က ဘာမှ ပြောလို့ မရဘူး။ သူလည်း တိုးဝှေ့ဆင်းနေတဲ့ လူအုပ်ထဲမှာ သူ့ထမ်းပိုးကို ထိန်းလို့ မရဘူး ဖြစ်နေတယ်။
"ဟဲ့ ... ဟဲ့ .. အို .. အမေလေး သွားပြီ"
ဒုတိယအကြိမ် လူအုပ်ကြားက ထိုးထွက်လာတဲ့ ထမ်းပိုးဟာ စောင်ထုပ်ကလေး ညှပ်ထားတဲ့ လက်မောင်းကို အရှိန်နဲ့ ဆောင့်တိုးလိုက်တော့ ကြွပ်ကြွပ်အိပ် အနီလေးဟာ ထမ်းပိုးထိပ်နဲ့ ငြိပြီး နောက်ကျိနေတဲ့ မြစ်ရေထဲကို ...။
အေးရီမကို ဖြတ်ခနဲ လှမ်းကြည့်မိတယ်။ အေးရီမ မျက်လုံးတွေ ၀ိုင်းသွားတယ်။ ပြီးတော့ လျှပ်တပြက် အချိန်တွင်းမှာပဲ မြစ်ရေပြင်ထဲကို ၀ုန်းကနဲ ခုန်ဆင်းသွားတယ်။
"ဟဲ့ သမီး .... သမီး .. အေးရီမ"
အေးရီမက ဘာကိုမှ ဂရုမစိုက်ပါဘူး။ မိုးနှောင်း မြစ်ရေစီးထဲမှာ မျောပါသွားတဲ့ ကြွပ်ကြွပ်အိတ်လေး နောက်ကို ကျားကုတ်ကျားခဲ ရေကူးရင်း လိုက်လို့။
သူ မီတော့မယ်။

ခက်မာ။
ဗြူတီမဂ္ဂဇင်း၊ ဒီဇင်ဘာ၊ ၂၀၀၁ခုနှစ်။

အပြည့်အစုံ..သို့ ...>>>

Sunday, May 31, 2009

ကိုစောလွင်နဲ့ကျနော်
ရေးသူ- ဖိုးသံ(လူထု)




ကျနော်တို့ လူထုသတင်းစာတိုက်မှာ စစ်ပြီးကာလကစပြီး ၆ဝစုနှစ်ပိုင်းအထိ စာအုပ်လည်းရောင်း ပါတယ်။ အစောပိုင်းကဆိုရင် လူထုတိုက်ထုတ်စာအုပ်တွေသာမက စာပေဗိမာန်တိုက်ထုတ် စာအုပ်တွေနဲ့ အနောက်နိုင်ငံကထုတ်တဲ့ မဂ္ဂဇင်း၊ ဂျာနယ်၊စာအုပ်တွေလည် ရောင်းပါတယ်။ နောက်မှာတော့ အနောက်နိုင်ငံက ထုတ်တဲ့စာအုပ်တွေ မတင်တော့ပဲ ဆိုဗီယက်ယူနီယံနဲ့ တရုတ်ပြည်ကထုတ်တဲ့ စာအုပ်တွေရောင်းပါတယ်။ စာအုပ်ဆိုင်တိုင်းမှာ ပုံမှန်စာအုပ်လာဝယ်သူတွေ ရှိစမြဲပါ။

ကျနော်ငယ်ငယ်တုန်းက ကျောင်းအားရင် အောက်ထပ်ဆင်း၊ စာအုပ်ရောင်းသူကို ဆော့ရင်းကူ၊ ကူရင်းဆော့ ဆိုသလို တခါတလေဘောက်ချာ(အင်္ဂလိပ်လို၊ ဗမာလို) ကူရေးပေး၊ စာအုပ်သစ်တွေရောက်လာရင် ကူပြီးစင်ပေါ်တင်ပေး၊ စတာတွေလုပ်ပေးလေ့ရှိပါတယ်။ အဲဒီလိုနေရင်းနဲ့ပဲ ကျနော်တို့ စာအုပ်ဆိုင်ကို ပုံမှန်လာပြီး ဝယ်သူတွေထဲမှာ လူငယ်အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက်တို့ကို သတိထားမိနေပါတယ်။ လူငယ်လို့ သာဆိုတာ၊ အဲဒီတုန်းက ကျနော့်ထက် အသက်အများကြီးကြီးပါတယ်။ သူတို့နှစ်ယောက်စလုံးဟာ တက္ကသိုလ် ကျောင်းသားတွေဖြစ်ပြီး နှစ်ယောက်စလုံး မျက်မှန်တပ်ကြပါတယ်။ တကယ့်စာသမား၊ စာဂျပိုးပုံတွေပါ။ ကျနော်သတိထားမိတာ သူတို့ချင်းလည်းသိကြပြီး သူတို့နှစ်ယောက်စလုံးဟဟာ ကျနော့်မိဘများနဲ့လည်း ရင်းရင်းနှီးနှီး သိကြရုံမက တွေ့တိုင်း သူတို့ရဲ့ မိဘတွေ သာကြောင်းမာကြောင်း မေးလေ့ဖြေလေ့ ရှိကြပါတယ်။ ဒါဟာ ၁၉၅၆-၅၇ ဆီလောက်က ဖြစ်ပါလိမ့်မယ်။ အတိအကျတော့ မမှတ်မိတော့ပါဘူး။
အဲဒီ နှစ်ယောက်ထဲမှာ အမျိုးသမီးရဲ့ နာမည်က မခင်အေးမွန်ဖြစ်ပြီး အမျိုးသားနာမည်က ကိုစောလွင်ဖြစ် ပါတယ်။ နောင်မှာ မခင်အေးမွန်က မန္တလေးတက္ကသိုလ် ကျောင်းသား သမဂ္ဂအမှုဆောင်အဖွဲ့ဝင်ဖြစ် လာပြီး ကိုစောလွင်ကတော့ ၁၉၅၈-၅၉ခုနှစ် မန္တလေးတက္ကသိုလ် ကျောင်းသားသမဂ္ဂမှာ ဥက္ကဋ္ဌဖြစ်လာခဲ့ပါတယ်။
ကျနော်အခုရေးပြမှာ ကိုစောလ
ွင်အကြောင်းဖြစ်ပါတယ်။
မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ၊ လူထုသတင်းစာအယ်ဒီတာအဖွဲ့ဝင်စတာ တွေဖြစ် ဖူးတဲ့၊ စာရေးဆရာတက္ကသိုလ်မောင်စောလွင် ခေါ် ကိုတောလူပါ။ သူ့အိမ်က မန္တလေးရှမ်းပွဲရပ်မှာ ဖြစ်ပါတယ်။ တံတားဦး (အင်းဝ) အဆက်တွေပါ။ သူ့ရဲ့ စိန်ပီတာကျောင်းသားဘဝ နာမည်က ပီတာဘသန်းပါ။ ဒါကြောင့် ကျနော်နဲ့ လူထုကိုစိန်ဝင်းက သူ့ကို "ကိုပီ" လို့ခေါ်လေ့ ရှိကြပါတယ်။
အသားဖြူဖြူ၊ အရပ်မြင့်မြင့်- ငါးပေရှစ်လက်မ၊ ကိုးလက်မလောက်။ မျက်နှာသွယ်သွယ်၊ ဆံပင်က သခင်ဗဟိန်းလို လှိုင်းတွန့်လေးတွေနဲ့။ စကားပြောရင် လေအေးအေးနဲ့ ပြုံးပြီး ပြောတတ်သူ။
အထက်မှာ ကျနော်သူ့ကို စတွေ့ဖူးခဲ့ပုံကို ပြောပြပြီးပါပြီ။ ဆက်ရရင် နောက်မှာတော့ သူက ကျနော်တို့ လူထုသတင်းစာတိုက်ရဲ့ အ
ယ်ဒီတာ အဖွဲ့ထဲမှာ ဝင်လုပ်ပါတယ်။ ကျနော်မှတ်မိသလောက်ဆိုရင် အဲဒီခေတ်က ကျောင်းသားလှုပ်ရှားမှုထဲမှာ တက်တက်ကြွကြွပါဝင် လှုပ်ရှားသူ အများအပြားဟာ လူထုတိုက်ကို စာအုပ် ဝယ်ရင်းဖြစ်စေ အလည်လာရင်းဖြစ်စေ၊ ဝင်ထွက် သွားလာလေ့ရှိကြပါတယ် (ဒါကိုပဲ အဲဒီတုန်းက ဖဆပလ အစိုးရက လူထုဇနီးမောင်နှံဟာ ကျောင်းသားတွေကိုသွေးထိုးပေးတယ်၊ အရောင်ဆိုးပေးတယ်လို့ အညှိုးထား၊ လက်စားချေခဲ့ပါတယ်)။ အဲဒီလို ကျောင်းသားတွေထဲမှာ ကိုသာနိုး (မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း)၊ ကိုမြင့်သိန်း(မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ အမှုဆောင်ဟောင်း)၊ ကိုစောလွင် (မန္တလေး တက္ကသိုလ်ကျောင်းသားများ သမဂ္ဂဥက္ကဋ္ဌဟောင်း)၊ ကိုကျော်စိုး (တပ်ဦးသစ်အဖွဲ့ဥက္ကဋ္ဌဟောင်း)၊ ကိုခင်မောင်လွင် (မော်လမြိုင် ကောလိပ် ကျောင်းသားများ သမဂ္ဂဥက္ကဋ္ဌဟောင်း) နဲ့ ကိုစွမ်းရည် (မန္တလေး တက္ကသိုလ် ကျောင်းသားများသမဂ္ဂ တွဲဖက်အတွင်းရေးမှူးဟောင်း) ၊ မန္တလေးခရိုင် ဗကသ အမှုဆောင် ကို(ဂလိ) တင်ဝင်း တို့ဟာ လူထုအယ်ဒီတာ အဖွဲ့ဝင်တွေတောင်